စခန်းကြီးအနောက်ကျောင်း ဆရာတော်ပျံလွန်တော်မူ

0
2346

လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာ၊ စခန်းကြီးအနောက်ကျောင်း၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရသည် ဧပြီလ ၄ ရက် ၊တန်ခူးလပြည့်နေ့၊အင်္ဂါနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့်ဒါယကာများထံမှ သိရသည်။

ပျံလွန်တော်မူချိန်‌တွင် ဆရာတော်၏ သက်တော်မှာ ၈၅ နှစ်ရှိပြီး ဝါတော်မှာ ၆၅ ဝါဖြစ်ကာ ၉၆ ပါးသောရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏တပည့်တစ်ဦးက ပြောသည်။

“ဆရာတော်က လူကြီးရောဂါနဲ့ပဲ ပျံလွန်တော်မူသွားပါတယ်”ဟု ၎င်းကပြောသည်။

ဆရာတော်သည် ပျံလွန်တော်မမူခင်အထိ စခန်းကြီးသုဓမ္မာ ပဝါရဏာ ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်တာဝန်ဖြင့် သာသာနာရေးတာဝန်များကို ဆောင်ရွက်ခဲ့သည်။

ဆရာတော်၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော်ကို တန်းခူးလပြည့်ကျော် ၇ ရက် (ဧပြီ ၁၁) အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် စခန်းကြီးသုဿန်၌ အန္တိမအဂ္ဂိဈာပနာပွဲ ဆင်ယင်ကျင်းပမည်ဖြစ်သည်။

လောင်းလုံးတွင် တစ်ပတ်အတွင်း သက်တော်ရှည်ဆရာတော်နှစ်ပါး ပျံလွန်တော်မူခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့က လောင်းလုံးမြို့ နယ် နခံတောရွာလယ်ကျောင်းဆရာတော် ဘဒ္ဒန္တ ဦးဝါယမ ပျံလွန်တော်မူပြီးနောက် လေးရက်ကြာစခန်းကြီးအနောက်ကျောင်းဆရာတော် ပျံလွန်တော်မူခဲ့သည်။

ထိုဆရာတော်ကြီး နှစ်ပါးစလုံးမှာ စခန်းကြီးသုဓမ္မာ ပဝါရဏာဂိုဏ်းတွင် ဒုတိယဂိုဏ်းချုပ် နှင့် အကျိုးတော်ဆောင် ဆရာတော်များအဖြစ် သာသနာရေး တာဝန်များကို ဆောင်ရွက်ခဲ့သည်။