NUG နှင့် ပံပိုးကူညီနေသော တိုင်းရင်းသားလက်နက်ကိုင်အချို့ကို ပြတ်ပြတ်သားသား အရေးယူမည်ဟု စစ်ကောင်စီခေါင်းဆောင်ပြော

0
2338
Photo - Reuters

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် (တော်လှန်ရေးကို) ပံ့ပိုးကူညီနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောဆိုလိုက်သည်။

မတ်လ ၂၇ ရက်နေ့ (ယနေ့) ပြုလုပ်သည့် တပ်မတော်နေ့အခမ်းအနားတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီ ခေါင်းဆောင်က တော်လှန်ရေးအဖွဲ့များကိုလည်း အကြမ်းဖက်အဖွဲ့များဟု သုံးနှုန်းပြောဆိုခဲ့ကြောင်း တွေ့ရသည်။

“NUG နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်းတွင်လက်နက်ကိုင်ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ပေါ်ပေါက်လာသည်။

ဒေသအချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် အခြေအနေဖြစ်လာနေပြီး စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။

အဆိုပါပြည်သူ့ကာကွယ်ရေးတပ်များကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အများစုက ပံ့ပိုးကူညီနေကြာင်း စစ်ကောင်စီအဖွဲ့က ထည့်သွင်းပြောဆိုလေ့ရှိသည်။

တော်လှန်ရေးတပ်ဖွဲ့များကို ထင်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားက စစ်သင်တန်းပေးခြင်း၊ နယ်မြေအတွင်း လှုပ်ရှားခွင့်ပြုခြင်း၊ ပံ့ပိုးခြင်းများ လုပ်ဆောင်ခဲ့သည်။

အာဏာသိမ်းပြီး နောက်ပိုင်းတွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၅၇၇ ခုထက် မနည်းရှိလာပြီး ၂ နှစ်အတွင်းတိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ရှစ်ထောင်ကျော်အထိရှိလာကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ထံမှ သိရသည်။

မြို့နယ် ၃၃၀ အနက် ၁၃၂ မြို့နယ်မှာ တည်ငြိမ်မှုမရှိကြောင်း စစ်ကောင်စီက ဝန်ခံထားသည်။

အာဏာသိမ်း ၂နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်က တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူသုံးထောင်နီးပါး သေဆုံးခဲ့ရကြောင်း NUG က ထုတ်ပြန်ထားသည်။