သုံးနှစ်ကျော်ကြာ ပိတ်ထားသည့် ရုပ်ရှင်ရုံ ပြန်ဖွင့်

0
2687

မြိတ်မြို့တွင် သုံးနှစ်ကျော်ကြာ ပိတ်ထားသည့် ရုပ်ရှင်ရုံကို မတ်လ ၂၄ ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကပ်ဘေးစတင်သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့မှစပြီး ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားချက်ဖြင့် ရုပ်ရှင်ရုံများကို ခေတ္တပိတ်ထားခဲ့ပြီး ယခုမှ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။

မြိတ်မြို့တွင် Hello 3D၊ မင်္ဂလာပါ၊ Grand Jade shopping mall ရှိ ဂုဏ်ရုပ်ရှင်ရုံ စသည့်ရုပ်ရှင်ရုံ သုံးရုံရှိသည့်အနက် မြစ်ငယ်ရပ်ရှိ Hello 3D ရုပ်ရှင်ရုံကို ပြန်လည်ဖွင့်လှစ် ပြသခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ပွဲများအပြင် အထွေထွေစီးပွားရေး အကျပ်အတည်းများကြောင့် ပြည်သူများမှာ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရသည်။

သို့သော် စစ်ကောင်စီက ပုံမှန်အတိုင်း လည်ပတ်နေပြီဆိုသည့် သဘောကို ပြသနိုင်ရန်အတွက် ရုပ်ရှင်ရုံများပြန်လည် ဖွင့်ကြရန် တွန်းအားပေး လုပ်ဆောင်နေသလို ပွဲလမ်းသဘင်များ ကျင်းပနိုင်ရန်လည်း ကြိုးစား လုပ်ဆောင်နေကြောင်း တွေ့ရသည်ဟု အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

မကြာမီကျရောက်မည့် မဟာသင်္ကြန်ပွဲတော်ကိုလည်း ယခင်လိုကျင်းပနိုင်ရန် စစ်ကောင်စီက လုပ်ဆောင်နေသည်။

“ရုပ်ရှင်ပြန်ဖွင့်မယ်ဆိုတာ ကားနဲ့လိုက်ကြော်ငြာနေလို့ သိရတာ၊ ကြည့်တဲ့သူလည်းရှိကြမှာပဲ ဒါပေမဲ့ အရင်တစ်ချိန်ကလို ကြည့်ကြတဲ့သူတွေ များမယ်မထင်ဘူး” ဟု မြိတ်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော ပဋိပက္ခအခြေအနေကြောင့် ရုပ်ရှင်ကြည့်ရှုသူ နည်းပါးနိုင်သည့်အတွက် လတ်တလောတွင် ကျန်ရုပ်ရှင်ရုံနှစ်ရုံမှာမူ ပြန်ဖွင့်မည့်အခြေအနေ မရှိနိုင်သေးကြောင်း ယင်းရုပ်ရှင်ရုံတို့နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

Hello 3D ရုံတွင် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားပြီး အကယ်ဒမီမြင့်မြတ်၊ ခြူးလေး၊ မေမီကိုကို၊ တို့ ပါဝင်သရုပ်ဆောင်ထားသည့် ကျော်ကြီးက ချစ်တတ်တယ်နှင့် The Teacher ရုပ်ရှင်ဇာတ်ကားတို့အား ပြသနေကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်နှစ်ကားအား တစ်နေ့လျှင် မွန်းတည့် ဆယ်နှစ်နာရီ၊ မွန်းလွှဲ သုံးနာရီခွဲနှင့် ညခြောက်နာရီ အချိန်သုံးချိန်ခွဲကာ ပြသနေပြီး လက်မှတ်ဈေးနှုန်းမှာ အနည်းဆုံး ၂၅၀၀ ကျပ်မှ အများဆုံး ၆၀၀၀ ‌ကျပ်အထိ သတ်မှတ်ထားကြောင်း သိရသည်။