မွန်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်းသုံးဦးသေဆုံး

0
2514

မွန်ပြည်နယ် ဘီးလင်းနှင့် ရေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း လူသုံးဦးကို သေဆုံးခဲ့ကြောင်း သိရသည်။

မတ် ၂၄ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်ခန့်က ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ရွှေရောင်ပြကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် အသက် ၂၀ ဝန်းကျင် လူငယ် ၂ ဦးကို ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့တို့က ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပစ်ခတ်ခံရသည့် လူငယ်နှစ်ဦးသည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၎င်းတို့သည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသည့် လူငယ် ၂ ဦး၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့က ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ထောက်ခံသည့် တယ်လီဂရမ်အကောင့်များတွင် အဆိုပါ လူငယ် ၂ ဦးသည် PDF များဖြစ်ပြီး ခြုံပုတ်အတွင်း မိုင်းထောင်နေစဥ် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီတပ်ဖွဲ့တို့က အသေပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု ရေးသားထားသည်။

သို့သော်ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးသလို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပေ။

ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ရွှေရောင်ပြကျေးရွာအကြား ရန်ကုန်-မော်လမြိုင် ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရမှု၊ ပစ်ခတ်တိုက်ခိုက်ခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

မတ်လ ၂၃ ရက်နေ့ ည ၈ နာရီခန့်ကလည်း ရေးမြို့နယ် ကျုံလောင်းရွာသစ်အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ ၆၁ ရှေ့တွင် အသက် ၃၅ နှစ်အရွယ် ကိုကြည်ဝင်းဆိုသူကို စစ်ကောင်စီတပ်တို့က ပစ်သတ်ခဲ့သည်။

ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး ည ၆ နာရီ နံနက် ၆ နာရီ ညမထွက်ရမိန့်လည်း ထုတ်ပြန်ထားပြီးနောက် သတ်မှတ်ချိန်အတွင်း ဖြတ်သန်းသွားလာသူများကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။