တနင်္သာရီမြို့ ရဲစခန်း ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခံရ

0
2666
ပုံစာ - ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေကြစဉ်။ ဓါတ်ပုံ - တနင်္သာရီ ဘက်မလိုက်ပြောက်ကျားအဖွဲ့

မြိတ်ခရိုင်၊ တနင်္သာရီမြို့ ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီဝန်းကျင်က ရဲစခန်းကို ဒရုန်းဖြင့် ဗုံးချခံရပြီး အထိအခိုက်ရှိသည်ဟု သတင်းထွက်သော်လည်း သေသေချာချ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ဒရုန်းဖြင့် ဗုံးနှစ်လုံးချခဲ့ရာ တစ်လုံးသည် သစ်ပင်ထိမှန်ပေါက်ကွဲပြီး နောက်တစ်လုံးမှာ ရဲစခန်းသို့ ကျရောက်ကာ ရဲတပ်သားနှစ်ဦး ထိခိုက်သွားသည်ဟု ကြားသိရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

တနင်္သာရီမြို့ခံ အမျိုးသားနောက်တစ်ဦးကမူ “တချို့ကလည်း ထိခိုက်သွားတယ် ပြောသလို အထိအခိုက် မရှိဘူးလို့လည်း ပြောနေကြတယ်။ ကျွန်တော်တို့ကလည်း သွားကြည့်မရဲဘူး” ဟု ပြောဆိုသည်။

ယခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လုပ်ဆောင်သည်ဟု ကြားသိရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း တနင်္သာရီတံတား ရဲကင်းစခန်း၊ ဗောဓိကမ်းတံတားနှင့် လူဝင်မှုကြီးကြပ်ရေးရုံးတို့အား ဒရုန်းဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့သလို ဇန်နဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင်လည်း ယင်းပူးပေါင်းအဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့သေးသည်။

ယင်းတိုက်ခိုက်မှုမျးတွင် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တောကြီးမြွေဟောက်အဖွဲ့၊ SWDF တပ်ဖွဲ့၊ မြိတ် ပကဖ၊ မြိတ်ခရိုင် တပ်ရင်း (၂) ၊ ရိုးမတပ်ဖွဲ့များနှင့်အတူ ဒရုန်းစစ်ဆင်ရေးများ လုပ်ဆောင်လျှက်ရှိကြောင်းလည်း တနင်္သာရီဘက်မလိုက်ပြောက်ကျားအဖွဲ့မှလည်း ယနေ့ ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၈ ရက် ၁၁ နာရီခွဲအထိ တနင်္သာရီမြို့တွင် ထူးခြားမှုတစ်စုံတစ်ရာမရှိဘဲ ငြိမ်သက်နေကြောင်း မြို့ခံများက ပြောသည်။