Non-CDM များ ၇ ရက်အတွင်း အလုပ်ထွက်ရန် လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

0
3207
ပုံစာ - လောင်းလုံး ဌာနဆိုင်ရာဝန်ထမ်းအချို့ အပတ်စဉ်သန့်ရှင်းရေးလုပ်ငန်း လုပ်ဆောင်နေကြစဉ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မပါဝင်သည့် Non-CDM ဝန်ထမ်းများ ၇ ရက်အတွင်း အလုပ်ထွက်ရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၇ရက်တွင် ထုတ်ပြန်လိုက်သည်။

လောင်းလုံးမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ ၃ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီကို အမြန်ဆုံးစွန့်ခွာရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်မှာ အာဏာသိမ်းပြီး ၂ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် Non-CDM များကို ဖိအားပေးသည့် ထုတ်ပြန်ချက်ဖြစ်လာသည်။

ယင်းထုတ်ပြန်ချက်အပေါ် ဒေသတွင်းရှိ CDM ဝန်ထမ်းအချို့က ထောက်ခံကြောင်း ပြောဆိုကြသည်။

“ကျွန်မတို့ တောက်လျှောက် စိုးရိမ်သောကတွေနဲ့ နေလာရတာ‌လေ။ အခုလိုမျိုးထုတ်ပြန်တာကိုတော့ အားပေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ဘယ်လိုခံစားခဲ့ရလဲဆိုတာ သူတို့ (Non-CDM များ) ကိုယ်ချင်းစာတတ်စေချင်လို့ပါ” ဟု လောင်းလုံးမြို့နယ်သူ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ယခင်ကမူ Non-CDM ဝန်ထမ်းတစ်ဦးချင်းအလိုက် သတိပေးစာပို့ခြင်း လုပ်ဆောင်ခဲ့ဖူးသည်။

Non-CDM ဝန်ထမ်းများသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်စေရန် အဓိကထောက်တိုင်များဖြစ်ပြီး ပြည်သူများကို ဒုက္ခဆင်းရဲအမျိုးမျိုးကြုံတွေ့စေရန် လုပ်ဆောင်နေသူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတ်မှတ်ရက်အတွင်း စစ်ကောင်စီနှင့် လမ်းမခွဲဘဲ Non-CDM ဆက်လုပ်နေမည်ဆိုပါက နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း Non-CDM ဝန်ထမ်းများအား အတင်းဖိအားပေးခြင်းမျိုး မလုပ်သင့်ဘဲ စည်းရုံးသည့်နည်းလမ်းဖြင့် လုပ်ဆောင်သင့်ကြောင်း အမြင်အချို့လည်းရှိနေကြသည်။

ယခုထုတ်ပြန်ချက်အပေါ် Non-CDM ဝန်ထမ်းများက စိုးရိမ်မှုများရှိနေသည်။

“ဘယ်လိုပြောရမလဲ ရုတ်တရက်ကြီး အလုပ်ထွက်ဖို့က နည်းနည်းတော့ခက်တယ်။ ထွက်လိုက်ပြီးရင်လည်း ဒီမှာ‌နေလို့ရမှာ မဟုတ်တော့ဘူး။ မထွက်ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောရရင် ကြောက်တယ်” ဟု Non-CDM တစ်ဦးက ပြောဆိုသည်။

လောင်းလုံးမြို့နယ်အတွင်း ကျေးရွာအချို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိန်းချုပ်နိုင်လာသည့် အနေအထားရှိလာသဖြင့် စစ်ကောင်စီအနေဖြင့် Non-CDM များအတွက် လုံခြုံရေးပေးနိုင်သည့်အနေအထားလည်း လျော့ရဲလာကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုသည်။

“လောင်းလုံးအောက်ပိုင်းက လွတ်သွားပြီ။ သကျက်တောရဲစခန်းလည်း မရှိတော့ဘူးလေ။ အဲဒီနေရာတွေဆို PDF နေရာလိုမျိုးဖြစ်သွားပြီလေ။ အရင်ကဆိုရင် သူတို့ (စစ်ကောင်စီ) က ကင်းလှည့်တာတွေ ရှိသေးတယ်။ အခုဆို ကင်းတောင် မလှည့်တော့ဘူး” ဟု လောင်းလုံးဒေသခံတစ်ဦးက ပြောသည်။

ယေဘုယျအားဖြင့် လောင်းလုံးမြို့နယ်ရှိ ဒေသခံအများစုသည် ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့တွင်သာ အများစုအလုပ်ဝင်လေ့ရှိသည်။ ကျန်ဌာနဆိုင်ရာများတွင် အလုပ်ဝင်သူများ ရှိသော်လည်း အနည်းစုဖြစ်သည်။

အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုပေါ်လာရာ မြို့နယ်အတွင်းရှိ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းအများစု ထိုလှုပ်ရှားမှုတွင်ပူးပေါင်းခဲ့ကြသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြားဌာနက ဝန်ထမ်းအချို့လည်း ယနေ့အချိန်အထိ CDM လုပ်ထားဆဲဖြစ်သည်။

ယနေ့အချိန်အထိ လောင်းလုံးမြို့နယ်သည် CDM အားကောင်းသည့်မြို့နယ်ဟု ဆိုနိုင်သည်။

၂၀၂၂ နိုဝင်ဘာလအထိစာရင်းအရ တနင်္သာရီတိုင်းတွင် CDM နိုင်ငံ့ဝန်ထမ်း တစ်သောင်းကျော်ရှိကြောင်း သိရသည်။