တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3257

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ

ကုလတွင် ကိုယ်စားပြုခွင့်ဆုံးရှုံးသွားသည့် စစ်ကောင်စီ

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ကန့်ကွက်နိုင်ငံမရှိ အတည်ပြုလက်ခံလိုက်ပြီဖြစ်သည်။

ကုလသမဂ္ဂကိုယ်စားလှယ် အရည်အချင်းစိစစ်ရေးကော်မတီ (Credentials Committee) က ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အမည်စာရင်း တင်သွင်းထားခြင်းဖြစ်ပြီး ယင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ (General Assembly)က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆုံးဖြတ်ရာ ကန့်ကွက်သည့်နိုင်ငံမရှိဘဲ လက်ခံလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီက ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် ဆုံးရှုံးသွားပြီဖြစ်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂတွင် ထုတ်ဖော်ပြောဆို ခဲ့ပြီးနောက် စစ်ကောင်စီက တာဝန်ကနေ ရပ်စဲခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမူ ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ထာခြင်းဖြစ်သည်။

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားပြုမည့် ကိုယ်စားလှယ်လောင်းကို ပြီးခဲ့သည့်နှစ်က စစ်ကောင်စီဘက်ကလည်း အဆိုပြုထားပြီး မည်သူ့ကိုရွေးချယ်မည်ဆိုသည်ကို တစ်နှစ်ကြာ ဆိုင်းငံ့ထားခဲ့ပြီးနောက် ကုလကိုယ်စားလှယ် အရည်အချင်း စိစစ်ရေးကော်မတီက ဦးကျော်မိုးထွန်းကို လက်ခံရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ယခုဆုံးဖြတ်ချက်သည် အကြမ်းဖက်အားပေးရာရောက်သည်ဟု စစ်ကောင်စီဘက်က အပြင်းအထန် ကန့်ကွက် ဝေဖန်ထားသည်။ 

ဗြိတိန်အခြေစိုက် Myanmar Accountability Project (MAP) အဖွဲ့ကမူ စစ်ကောင်စီကို ကိုယ်စားပြုခွင့် မပေးဘဲ သံအမတ်ကြီးဦးကျော်မိုးထွန်းအား ဆက်လက်ပေးသည့် ဆုံးဖြတ်ချက်ကို မြန်မာ့အရေးလှုပ်ရှားနေသည့် အရပ်ဖက်အဖွဲ့များက ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာထားသည်။

သံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း ယခုဆုံးဖြတ်ချက်သည် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာပြည်သူများအတွက် အကျိုးပိုတိုးလာမည်ဖြစ်ကြောင်း RFA နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

………………………………..

မြန်မာ့တော်လှန်ရေးသမားများကို ထောက်ပံ့ကူညီမည့် NDAA ဥပဒေ ကန်လွှတ်တော်အတည်ပြု

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဆန့်ကျင်နေသူများ၊ လက်နက်ကိုင်တော်လှန်သူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ထောက်ပံ့ကူညီမည့်အချက်များ ပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေးအသုံးစရိတ်ဥပဒေ ၂၀၂၃ ကို အမေရိကန်လွှတ်တော်နှစ်ရပ်က အတည်ပြုလိုက်ပြီဖြစ်သည်။

အောက်လွှတ်တော်က ဒီဇင်ဘာလ ၈ရက်က အတည်ပြုပြီး အထက်လွှတ်တော်က ဒီဇင်ဘာလ ၁၅ ရက်တွင် အတည်ပြုလိုက်သည်။ ယင်းဥပဒေကို သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးအတည်ပြုရန်သာ ကျန်တော့သည်။

ယင်းဥပဒေတွင် မြန်မာ့အရေးအကူအညီပေးရန် Burma Act ကို ထည့်သွင်းထားခြင်းဖြစ်သည်။ ယင်းဥပဒေအရ မြန်မာပြည်သူများကို ထောက်ပံ့ကူညီမည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ ကာကွယ်ရေး တပ်များကို နည်းပညာများနှင့် လူကိုသေစေနိုင်အရာများမဟုတ်သည့် အကူအညီများ ပေးအပ်မည်ဖြစ်သည်။

ဥပဒေကို လွှတ်တော်က အတည်ပြုလိုက်သည့်အပေါ် NUG နှင့် မြန်မာ့ဒီမိုကရေစီအရေးလိုလားသည့် အင်အားစုများက ချီးကျူးဂုဏ်ပြုကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာချက်ထုတ်ထားသည်။

NUG၊ NUCC၊ CRPH၊ CDM နှင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုတို့အတွက် စစ်ကောင်စီကို ဆန့်ကျင်နေကြသည့် မဟာမိတ်အဖွဲ့အစည်းများကို ထောက်ပံ့ရန် အမေရိကန်ပြည်ထောင်စု၏ မူဝါဒကို ရှင်းရှင်း လင်းလင်း ဖော်ပြလိုက်သည့် အရေးကြီးသည့်ဥပဒေဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။

………………………………..

မြန်မာ့အရေး နောက်ငါးနှစ်ကြာနိုင်သည်ဟု အာဆီယံဥက္ကဋ္ဌပြော

မြန်မာနိုင်ငံအရေးကို ဖြေရှင်းရန် နောက်ထပ် ငါးနှစ်ကြာမြင့်နိုင်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာချိန် ဒီဇင်ဘာလ ၁၂ရက်က ပြောဆိုခြင်းဖြစ်သည်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်သည့် မည်သူမဆို ဖြေရှင်းပေးသင့်ကြောင့် ဝန်ကြီးချုပ် ဟွန်ဆန်က အကြံပြုသည်။

၎င်းအနေဖြင့်မူ အာဆီယံဥက္ကဋ္ဌ တာဝန်ပြီးဆုံးတော့မည်ဖြစ်ပြီး အာဆီယံ၏ မြန်မာဆိုင်ရာ အထူးသံတမန် တာဝန်ယူ ထားသူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်း မြန်မာနိုင်ငံသို့ သွားတော့မည် မဟုတ်ကြောင်း ပြောဆိုသည်။

အာဆီယံဥက္ကဋ္ဌ တာဝန်ကို ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက အလှည့်ကျတာဝန်ယူမည်ဖြစ်သည်။

………………………………..

ရှေးဟောင်းလက်ရာများ ထိခိုက်သွားသည့် မန္တလေးငလျင်

မန္တလေးတိုင်း တံတားဦးမြို့အနီးကိုဗဟိုပြုပြီး ဒီဇင်ဘာလ ၁၅ရက် အရုဏ်မတက်မီ နံနက် ၃နာရီကျော်တွင် လှုပ်ခတ်သွားသည့် အင်အား ရစ် (ခ်) တာ စကေး ၅ဒသမ၂ အဆင့်ရှိငလျင်ကြောင့် ရှေးဟောင်း ဘုရားစေတီနှင့် ဘာသာရေးအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ရသည်။

နံနက် ၃နာရီ ၁၆ မိနစ် မန္တလေးမြေငလျင်စခန်း တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ တံတားဦးမြို့ အရှေ့ဘက် လေးမိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတို့တွင် ပုခတ်လွှဲသလို သိသိသာသာ ခံစားခဲ့ရသည်ဟု ဆိုသည်။

တံတားဦးမြို့အနီး ရှေးဟောင်းသမိုင်းဝင် အင်းဝမြို့တော်ရှိ နာမည်ကျော် နန်းမတော်မယ်နုရှေးဟောင်း အုတ်ကျောင်းတွင် အက်ကြောင်းရာအနည်းငယ် ဖြစ်ပေါ်ခဲ့ပြီး ဒေါ်ဂျမ်းဘုရားမှာလည်း ထိခိုက်မှုအနည်းငယ်ရှိခဲ့ကာ အင်းဝမြို့ရှိ စေတီ အနည်းဆုံး လေးဆူခန့် ထီးတော် မြေခခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပြည်ကြီးတံခွန်မြို့နယ်က ခန္တောတိုက် မဏိရတနာကျောင်းဝင်းအတွင်း စေတီစိန်ဖူးတော်လည်း မြေခခဲ့သည်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း မင်းကွန်းဒေသ ကြီးလေးကြီးထဲက ခြင်္သေ့ကြီးတွင်လည်း လက်မောင်းရင်းက ပဲ့ကျ ပျက်စီးခဲ့သလို မြသိန်းတန်စေတီတော်မှာလည်း စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ မြေခခဲ့ရပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်တွင်လည်း ငလျင်သုံးကြိမ် ထပ်မံလှုပ်ခတ်ခဲ့သည်။ နံနက် ၆နာရီ ၄၅တွင် အင်အား ၃ဒသမ၆၊ မွန်းလွဲ ၁နာရီခွဲတွင် အင်အား ၃ဒသမ၃၊ မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် ၄ဒသမ၇ ရှိငလျင်တို့ လှုတ်ခတ်ခဲ့ခြင်းဖြစ်သည်။

………………………………..

NCA ခုနစ်ဖွဲ့ တွေ့ခွင့်အငြင်းခံရ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်ကို စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့က ငြင်းပယ်လိုက်သည်။

စစ်ကောင်စီက ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့်တွေ့ဆုံရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်းများဘက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၁၂ ရက်တွင် အလွတ်သဘော တွေ့ဆုံရန်၊ ဒီဇင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ တောင်ကြီး သို့မဟုတ် မော်လမြိုင်တွင် နှစ်ဖက်ကိုယ်စားလှယ် အစုံအလင်တွေ့ရန်၊ ယင်းနောက် ရန်ကုန်တွင် ထပ်မံတွေ့ဆုံရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ယင်းကမ်းလှမ်းချက်ကို စစ်ကောင်စီဘက်က တွေ့ဆုံရန်အဆင်မပြေဟုဆိုကာ ဒီဇင်ဘာလ ၉ ရက်တွင် အကြောင်းပြန်လာသည်ဟု တိုင်းရင်းသားလက်နက်ကိုင်များဘက်က မီဒီယာတွင် ထုတ်ဖော်ပြောဆိုလာသည်။

နိုဝင်ဘာလကုန်က ပထမအကြိမ် ကမ်းလှမ်းခဲ့စဉ်ကလည်း ငြင်းပယ်ခံရသည်ဟု ဆိုသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA(PC)) ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ လားဟူဒီမိုကရက်တစ်ပါတီ (LDU) တို့က ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ယင်းအဖွဲ့များသည် စစ်ကောင်စီဥက္ကဋ္ဌ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်ခံကာ တစ်ဖွဲ့ချင်းစီ သွားရောက် တွေ့ဆုံခဲ့ကြသည့် အဖွဲ့များလည်းဖြစ်သည်။ လက်ရှိတွင် အစုအဖွဲ့ဖြင့် တွေ့ရန် ကမ်းလှမ်းနေခြင်းဖြစ်သည်။

NCA ထိုးထားသည့် ၁၀ ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့သာ စစ်ကောင်စီနှင့် တွေ့ဆုံခြင်း မရှိပေ။

………………………………..

စစ်ကောင်စီက တိုက်လေယာဉ်အသစ်များ ထုတ်ပြလာ

စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ သယ်ယူပို့ဆောင်ရေးလေယာဉ်အသစ်များကို ဒီဇင်ဘာလ ၁၅ရက် လေတပ် ၇၅နှစ်ပြည့် အခမ်းအနားတွင် ထုတ်ဖော်ပြသလာခဲ့သည်။

ရုရှားထံမှ ဝယ်ယူထားသည့် Su 30 SME တိုက်လေယာဉ် အပါအဝင် ရုရှား၊ တရုတ်၊ ပါကစ္စတန်တို့ထံမှ ဝယ်ယူ ထားသည့် ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များ တပ်တော်ဝင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။


Su 30 SME တိုက်လေယာဉ်မှာ စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံးအကြီးစားတိုက် လေယာဉ်ဖြစ်ကာ လေတပ်က ပထမဦးဆုံးစတင်အသုံးပြုသည့် Heavy Fighter အမျိုးအစားဖြစ်သည်ဟု ဆိုသည်။

တရုတ်ထုတ် FTC 2000 G မှာ ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး ဝေဟင်-ဝေဟင်၊ ဝေဟင်-မြေပြင် စစ်ဆင်ခြင်း၊ အနီးကပ်လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင်ကင်းထောက်ခြင်းတို့ လုပ်နိုင်သည်ဟု ဆိုသည်။

ရုရှားထုတ် Ka-28 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်မှာ ပင်လယ်ပြင်ကင်းထောက်ခြင်း၊ ပင်လယ် ရေမျက်နှာပြင်အောက်ရှိ ရေငုတ်သင်္ဘောများအား ရှာဖွေတိုက်ခိုက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း လုပ်ဆောင်နိုင် သည်ဟု ဆိုသည်။

တရုတ်ထုတ် တိုက်လေယာဉ် FT-7 ၊ တရုတ်နှင့် ပါကစ္စတန် ဖက်စပ်ထုတ်ထားသည့် တိုက်လေယာဉ် K-8W တို့မှာ ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်များ ဖြစ်သည်ဟု ဆိုသည်။

တရုတ်ထုတ် Y-8 လေယာဉ်မှာ သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်သည်။

Y-8 မှလွှဲ၍ အခြားလေယာဉ်များမှာ တိုက်ခိုက်ရေးတွင် အသုံးပြုနိုင်ပြီး SU 30 SME၊ FTC 2000 G၊ Ka-28 တို့မှာ စစ်ကောင်စီက ပထမဆုံးပိုင်ဆိုင်သည့် လေယာဉ်အမျိုးအစားများဖြစ်လာသည်။

စစ်ကောင်စီက လေကြောင်း အဓိကထား တိုက်ခိုက်မှုများ ပြုလုပ်နေချိန် တိုက်လေယာဉ်အသစ်များကို ထုတ်ပြန်လာခြင်းဖြစ်သည်။

………………………………..

သတင်းသမားသုံးဦး ထောင်ချခံရ၊ ယခုနှစ်အတွင်း ထောင်ချခံရသည့် သတင်းသမား ၄၅ဦးရှိလာ

သင်္ဃန်းကျွန်းပို့စ် သတင်းဌာနက အယ်ဒီတာချုပ် ကိုဝေလင်းယုနှင့် တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီချမှတ်လိုက်ပြီး အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်သည်။

အဆိုပါ သတင်းသမားသုံးဦးကို အင်းစိန်ထောင်တွင်း စစ်ကောင်စီတရားရုံးက ဒီဇင်ဘာလ ၁၆ ရက်တွင် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။

ကိုဝေလင်းယုနှင့် မထက်ထက်အောင်တို့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ကိုစိုးရာဇာထွန်းကို ၂၀၂၂ ခုနှစ် မတ်လတွင် သတင်းယူနေစဉ် စစ်ကောင်စီက ထပ်မံဖမ်းဆီးသွားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကိုလည်း ဒီဇင်ဘာလ ၉ ရက်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ထပ်မံချမှတ်လိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၂နှစ် ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်း သတင်းသမား ၃၀ဦး၊ ၂၀၂၂ ခုနှစ်တွင် ၄၂ ဦး ထောင်ဒဏ်ချမှတ်ခံရကြောင်း သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ယခု သုံးဦးထပ်ပေါင်းလျှင် ယခုနှစ်အတွင်း ၄၅ ဦးအထိ ရှိလာသည်။

………………………………..

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ် ထောင်နှစ် ၂၀ ချခံရ

NLD အစိုးရလက်ထက်တွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် ဦးဘိုဘိုငယ်ကို စစ်ကောင်စီတရားရုံးက ဒီဇင်ဘာလ ၁၃ရက်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။

အဂတိလိုက်စားမှုဖြင့် စွပ်စွဲထားသည့် အမှုနှစ်ခုအနက် တစ်မှုကို ရှစ်နှစ်၊ နောက်တစ်မှုကို ၁၂ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ဦးဘိုဘိုငယ်ကို အာဏာသိမ်းသည့်နေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ယခုနှစ်မေလတွင်သာ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

၎င်းသည် နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားရာတွင် ကြီးကြပ်မှုအားနည်းခဲ့သဖြင့် နိုင်ငံတော်ငွေ နစ်နာဆုံးရှုံးစေမှု၊ သူဌေး ဂျော့ဆိုးရော့စ်၏ Open Society Myanmar-OSM ငွေစာရင်းကို တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ငွေလွှဲပြောင်း ပေးခဲ့သဖြင့် နိုင်ငံဘဏ္ဍာငွေ နစ်နာရှုံးဆုံးစေမှုတို့ဖြင့် စစ်ကောင်စီက စွပ်စွဲထားသည်။

ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲထားသည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။

ဦးဘိုဘိုငယ်ကို မန္တလေး အိုးဘိုအကျဉ်းထောင်တိုက် (၂) တွင် ထိန်းသိမ်းထားကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြသည်။

………………………………..

ကလေးပျောက်ဆုံးမှုများလာ၊ မန္တလေးက ကလေး ပြန်တွေ့

ငါးရက်ကြာပျောက်ဆုံးပြီးနောက် ပြန်တွေ့သည့် ကလေးငယ်နှင့် မိဘနှစ်ဦး။

ရန်ကုန်၊ မန္တလေးနှင့် ကရင်ပြည်နယ် မြဝတီမြို့တို့တွင် ကလေးငယ်များ ပျောက်ဆုံးမှုများရှိလာပြီး မန္တလေးက ကလေးငယ်တစ်ဦးကိုမူ ပျောက်ဆုံးပြီး ငါးရက်အကြာတွင် ပြန်တွေ့ခဲ့သည်။

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်တွင် ငါးရက်ကြာပျောက်ဆုံးနေသည့် ငါးနှစ်အရွယ် ကလေးငယ်ကို ဒီဇင်ဘာလ ၁၁ ရက်တွင် ဘေးချင်းကပ်နေအိမ်တွင် ပြန်တွေ့ခဲ့သည်။

အဖွားဖြစ်သူ၏ နေအိမ်တွင် ကစားနေစဉ် ရုတ်တရက်ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ကလေးကို ပြန်တွေ့ရန် နိုင်ငံတဝန်း က ဆုတောင်းကြသူ၊ ဗေဒင်တွက်ချက်ပေးသူများပင် ရှိခဲ့သည်။ ဘေးချင်းကပ်အိမ်ကို မသင်္ကာသဖြင့် ဝင်ရောက် စစ်ဆေးရာမှ ကလေးငယ်ကို ပြန်တွေ့ခြင်းဖြစ်သည်ဟု ကလေး၏ မိသားစုဝင်များက ပြောဆိုထားသည်။

အလားတူ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်တွင် အသက် ၁၃နှစ်အရွယ် မိန်ကလေးတစ်ဦး၊ ရန်ကုန်တိုင်း ခရမ်းမြို့က အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ မြဝတီမြို့က အသက် ခုနစ်နှစ်အရွယ် ကလေးတို့ ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များက လူမှုကွန်ရက်တွင် ရေးသားအကူအညီတောင်းခံထားကြသည်။

………………………………..