ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
3441

ရက်သတ္တပတ်ပေါင်းများစွာ ငြိမ်နေသည့် ရွှေနှင့် ဘတ်ဈေးသည် ယခုအပတ်တွင် အလှုပ်အခတ် အနည်းငယ်ရှိလာသည်။

သို့သော် ကြီးကြီးမားမာမား ဈေးအပြောင်းအလဲမဖြစ်ဘဲ ငြိမ်နေရာမှ လှုပ်လာခြင်းဖြစ်သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

တက်ရိပ်ပြ ရွှေဈေး

လချီငြိမ်နေသည့် ရွှေဈေးသည် ယခုအပတ်တွင် ကျပ်သောင်းဂဏန်း အလှုပ်အခတ်ဖြစ်လာသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၆ သိန်းခွဲဝန်းကျင်ဖြင့် ဈေးငြိမ်နေရာမှ  ကျပ်တစ်သောင်းကျော် တက်လာသည်။

ဒီဇင်ဘာလ ၁၂ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခွဲဖြင့် ရောင်းချနေရာမှ သောကြာနေ့တွင် ကျပ်နှစ်သောင်းတက်သွားသည်။

ယခုအပတ်တွင် ကမ္ဘာ့ရွှေဈေးတက်ခဲ့သော်လည်း ပြည်တွင်းရွှေဈေးမှာ ဝယ်လိုအားနည်းနေသည့်အတွက် ဈေးအတက်အကျမကြမ်းခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက သုံးသပ်သည်။

“ကမ္ဘာ့ရွှေတက်ပေမယ့် ထားဝယ်မှာတော့ အရောင်းအဝယ်ပါးလို့ လိုက်မတက်နိုင်ဘူးရှင်”ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

ယခုအပတ် ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ဒေါ်လာ ၁၈၀၀ စွန်းစွန်းအထိ ဈေးတက်သွားခဲ့သည်။

အနည်းအကျဉ်းသာလှုပ်သည့် ဘတ်ဈေး

ထိုင်းဘတ်လဲနှုန်းမှာ အတက်အကျရှိသော်လည်း အလှုပ်အခတ်နည်းနေသည်။

တနင်္လာနေ့(ဒီဇင်ဘာလ ၁၂ ရက်)က  ထိုင်းငွေတစ်ဘတ်လျှင် ၈၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့ပြီး နောက်ရက်များတွင် အတက်အကျ အနည်းငယ်သာရှိသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၁ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၂၄၀ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

ဈေးမငြိမ်သည့် စက်သုံးဆီ

စက်သုံးဆီဈေးမှာ ကျရိပ်ပြလာသော်လည်း ဈေးမငြိမ်ဘဲ အလှုပ်အခတ်များနေသည်။

ယခုအပတ် တနင်္လာနေ့ဈေးဖွင့်ချိန်က 92 ဓာတ်ဆီတစ်လီတာလျှင် ၁၈၇၅ ကျပ်ရှိခဲ့သည်။

ထိုနောက် ဗုဒ္ဓဟူးနေ့တွင် ဈေးကျလာပြီး တစ်လီတာလျှင် ၁၉၆၅ ကျပ်ဖြစ်သွားပြန်သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၀၀ ကျပ်မှ ကျပ် ၃၂၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်တွင်လည်း ပြည်တွင်းရွှေဈေးမှာ ကြီးမားသည့် ဈေးအပြောင်းအလဲ ဖြစ်လာမည့် အနေအထားမရှိနိုင်သော်လည်း ကျပ်သောင်းဂဏန်းခန့် တက်မည်ဟု ခန့်မှန်းရသည်။

လက်ရှိကမ္ဘာ့ရွှေဈေးမှာ အလှုပ်အခတ်ရှိနေပြီး ပြီးခဲ့သည့်ရက်ပိုင်းက ရွှေတစ်အောင်စလျှင် ၁၈၀၀ ကျော် ပေါက်ဈေးရှိရာမှ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ၁၇၉၃ ဒေါ်လာ ဖြစ်သွားခဲ့သည်၊

လက်ရှိ ပြည်တွင်းရွှေဈေးကွက်တွင် ဝယ်လိုအားမကောင်းသော်လည်း ခြံထွက်သီးနှံများ ထွက်သည့်ရာသီဖြစ်နေသည့်အတွက် ရွှေဝယ်သူအချို့ရှိလာပြီး ဈေးအပြောင်းအလဲရှိလာနိုင်သည်။

ထိုင်းဘတ်ဈေးမှာမူ ဈေးအတက်အကျနည်းပြီး အပြောင်းအလဲနည်းနည်းဖြင့် ဈေးဆက်ဖွင့်နေမည့် အနေအထားဖြစ်သည်။

ထိုကြောင်ပင် လက်ရှိနှုန်းထားအတိုင်းပင် ထိုင်းငွေတစ်ဘတ်လျှင် ကျပ် ၈၀ ဝန်းကျင်ဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ပေါက်ဈေးမှာ အနည်းငယ်ကျနေသော်လည်း ပြည်တွင်းအခြေအနေနှင့် ဒေါ်လာငွေလဲနှုန်းများကြောင့် ဈေးမငြိမ်ဘဲ ဈေးအတက်အကျ ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။