ဆန္ဒပြ မြန်မာလုပ်သား ၃၇၀၀ကျော်ကို ယခုလအတွင်းအလုပ်သွင်းပေးမည်ဟု ထိုင်းအာဏာပိုင်များဆို

0
3358
Photo - AAC မဟာမိတ်အဖွဲ့

ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးရှေ့တွင် အလုပ်ရရှိရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည့် မြန်မာအလုပ်သမား ၃၇၀၀ ကျော်ကို နှစ်သစ်မကူးမီ အလုပ်သွင်းပေးမည်ဟု ထိုင်းအာဏာပိုင် များက ကတိပြုခဲ့ကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ငါးသေတ္တာ စက်ရုံတွင် အလုပ်သွင်းပေးမည်ဟုဆိုကာ ထိုင်း၊ မြန်မာ ပွဲစားများက ငွေကြေးကောက်ခံထားသော်လည်း လနှင့်ချီကြာသည်အထိ အလုပ်မရကြသဖြင့် အလုပ်သမားများ ဒီဇင်ဘာလ ၉ ရက်က လာရောက်တောင်းဆိုကြခြင်း ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ 

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် ထိုင်အာဏာပိုင်များက နှစ်သစ်မကူးမီ အလုပ်သွင်းပေးမည်ဟု ကတိပေးလာကြောင်း AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ပြောသည်။

“အလုပ်သမား သုံးထောင်ကျော်ရဲ့ စာရွက်စာတမ်းတွေ ဒီနေ့ လာပို့ခိုင်းတယ်။ ပီမိုင် (နှစ်သစ်ကူး) မတိုင်ခင်ကို အကုန်လုံးအလုပ်သွင်းပေးပါ့မယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ကတိပေးပါတယ်။ အခုက အလုပ်သမားတွေ ထောင်နဲ့ချီ အလိမ်ခံရတာဆိုတော့ ထိုင်းအာဏာပိုင်တွေကိုက ဆင်းလာခဲ့ပြီး လုပ်ပေးခဲ့ကြတာ” ဟု ၎င်းက ဆိုသည်။

မြန်မာအလုပ်သမားများကို အလုပ်သွင်းပေးရန်အတွက် ထိုင်းအလုပ်သမားရုံး၊ စက်ရုံနှင့် ပွဲစားများကလည်း တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

TUF-ထိုင်းလုံစင်အမည်ရ ငါးသေတ္တာစက်ရုံတွင် အလုပ်သွင်းပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံသား ပွဲစားများက မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၆၅၀၀ မှ ၂၂၀၀၀ အထိ တောင်းယူထားကြောင်း AAC ထံမှ သိရသည်။ 

ပွဲစားများ တောင်းယူထားသည့်ငွေမှာ ဘတ် ငါးသန်းကျော် (ကျပ်သိန်း လေးထောင်ကျော်) အထိ ရှိနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ 

သို့သော်လည်း အလုပ်သမားများမှာ လေးလမှ တစ်နှစ်နီးပါးကြာသည်အထိ အလုပ်မရကြသဖြင့် ပွဲစားများကို မေးမြန်းရာတွင်လည်း တိကျသည့်အဖြေမရကြောင်း အလုပ်သမားများက ပြောသည်။ 

ပွဲစားခပေးချေကာ အလုပ်ရရှိရန် လနှင့်ချီကြာစောင့်ဆိုင်းနေရသဖြင့် စားဝတ်နေရေး ခက်ခဲလာသောကြောင့် ထိုင်းအလုပ်သမားရုံးရှေ့တွင် စုဝေးလာရောက်တောင်းဆိုခြင်းဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။

“ကျွန်တော် ဘတ်တစ်သောင်းခွဲပေးထားတာ ၇ လကျော်ပြီ။ အခန်းမှာ အမတွေကျွေးထားလို့သာ မငတ်နေတာ။ ကိုယ်တိုင် အလုပ်လုပ်မှ ဝင်ငွေရှိလာမယ်လေ။ အမြန်ဆုံး အလုပ်ရချင်လို့ တောင်းဆိုခဲ့တာ” ဟု ကော့သောင်းဒေသခံ မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

ယခုကိစ္စတွင် နိုင်တီအမည်ရ ပွဲစားထံ မြန်မာအလုပ်သမား အများစု ငွေကြေးကြိုတင်ပေးထားကြခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ 

“နိုင်တီဆိုတဲ့ပွဲစားက အဓိကပဲ။ သူက ထိုင်းပွဲစားကြီး၊ သူ့အောက်မှာ အခွဲတွေများတယ်။ စက်ရုံကို လူပို့ပေးတာ၊ (ယာယီနေထိုင် အလုပ်လုပ်ခွင့်ကတ်) ဘတ်ရိုက်တဲ့ ကာလတုန်းက အလုပ်သမားတွေလည်း တအားခေါ်လိုက်တာ။ ဈေးကလည်း သက်သာတော့ ဝိုင်းလျှောက်ခဲ့ကြတာလည်း ပါတယ်။ လူများသွားတော့ အလုပ်မသွင်းပေးနိုင်တော့ဘဲ အခုလိုဖြစ်လာတာပဲ။ ဒီကိစ္စတွေမှာ မြန်မာပွဲစားအများစုလည်းပါတယ်” ဟု AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာအလုပ်သမားများအတွက် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် ထိုင်းအလုပ်သမား ခန့်ထားရေး ဌာနနှင့် အာဏာပိုင်များက သက်ဆိုင်ရာအထောက်အထားများကို စုစည်းကာ ဆက်လက်ဆောင်ရွက်ပေးနေကြောင်း AAC ထံမှ သိရသည်။