တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3297

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ

အစုလိုက်သတ်ဖြတ်မှု အဆိုးဆုံးနိုင်ငံစာရင်းဝင် မြန်မာ

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရနိုင်သည့် အန္တရာယ်အရှိဆုံးထိပ်ဆုံးနိုင်ငံ သုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာသည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် လူမျိုးတုံးသတ်ဖြတ်မှုမှတ်တမ်းပြတိုက်ဖြစ်သည့် Holocaust Memorial Museum ၏ Early Warning Project ၂၀၂၂-၂၀၂၃ ခုနှစ် အစုလိုက်အပြုံလိုက်သတ်မှုခံရမှု အန္တရာယ် အကဲဖြတ်ချက် အစီရင်ခံစာတွင် ဖော်ပြသည်။

ယင်းစာရင်းထိပ်ဆုံးတွင် ပါကစ္စတန်နိုင်ငံဖြစ်ပြီး ဒုတိယနေရာတွင် ယီမင်ဖြစ်ကာ တတိယနေရာတွင် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားထောင်နှင့်ချီသေဆုံးခဲ့သည့် မြန်မာနိုင်ငံက တတိယနေရာတွင် ရှိနေသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ လက်နက်ကိုင်တော်လှန်သည်ဟု သံသယဖြင့် အရပ်သားများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအပြင် ကရင်၊ ကချင်၊ တအာင်း၊ မွန်၊ လီဆူနှင့် ရှမ်း စသော လူနည်းစုတိုင်းရင်းသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာလည်း ၂၀၂၁ နှစ်ကုန်အထိ ဆက်လက်ဖြစ်ပွားနေကြောင်း အကဲဖြတ်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့်နှစ် အကဲဖြတ်ချက်တွင် မြန်မာသည် အဆင့် ၁၇တွင်ရှိခဲ့ပြီး ယခုနှစ် အကဲဖြတ်ချက်တွင် အဆင့် ၃ နေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အရပ်သား ၁၆၀၀ ကျော် သတ်ဖြတ်ခံရကြောင်း ကုလသမဂ္ဂ၏ စာရင်းများကို ကိုးကားကာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

………………………………..

ဂျီနီဗာတွင်လုပ်မည့် ထပ်သီးအစည်းအဝေး မြန်မာ မတက်ရ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပမည့် စီးပွားရေးဆိုင်ရာထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံကို မဖိတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ဒီဇင်ဘာလ ၇ ရက်တွင် ထုတ်ပြန်သည်။

ညီလာခံသို့ တက်ရောက်ရန် ဂျီနီဗာရှိ ကုလသမဂ္ဂအမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်ရုံးများကို အသိပေးထားကြောင်း ထုတ်ပြန်ထားသည်။ သို့သော် ကုလသမဂ္ဂအထွေထွေညီလာခံက အသိမှတ်ပြုထားသည့် အစိုးရကိုယ်စားလှယ်များအတွက်သာ ဖြစ်သဖြင့် မြန်မာနိုင်ငံက အကျုံးမဝင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအစည်းအဝေးသို့ စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် တက်ရောက်ရန်ရှိသည်ဟု Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်ကို ပြန်လည်အကြောင်းပြန်သည့်အနေဖြင့် သံရုံးက ထုတ်ပြန်ခြင်းဖြစ်သည်။

Justice for Myanmar ကလည်း ဆွစ်ဇာလန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြန်လည်ထုတ်ပြန်ထားသည်။

ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို ဆွစ်ဇာလန် အိမ်ရှင်အဖြစ် ဒီဇင်ဘာလ ၁၂ မှ ၁၄ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။

………………………………..

မြန်မာပြည်သူများအတွက် ယူရိုခြောက်သန်းခွဲ ထောက်ပံ့သည့် EU

စားနပ်ရိက္ခာ အခက်အခဲဖြင့် လူ ၁၅သန်းကျော် ကြုံနေရသည့် မြန်မာနိုင်ငံတွင် ပဋိပက္ခဒဏ်ကို ခံစားနေရသည့် ဒေသက ပြည်သူများအပါအဝင် အကူအညီလိုအပ်နေသည့် မိသားစုများကို ကူညီထောက်ပံ့ရန် ဥရောပသမဂ္ဂ (EU) က ယူရို ခြောက်သန်းခွဲထောက်ပံ့သည်။

အစိုးရမဟုတ်သည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြေပြင်သွားရောက်ပြီး စားနပ်ရိက္ခာ၊ ငွေကြေး၊ အာဟာရဆိုင်ရာ ထောက်ပံ့မှုများပေးအပ်ရန် EU က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ထံ ထောက်ပံ့ခြင်းဖြစ်ကြောင်း WFP က ထုတ်ပြန်သည်။

ပဋိပက္ခဒေသတွင် ပြည်သူများ ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့နေရသလို ကုန်ဈေးနှုန်းနှင့် လောင်စာဆီများဈေး အဆမတန်မြင့်တက်မှု၊ ကူညီထောက်ပံ့မှု ပြတ်တောက်မှုတို့ကြောင့် အခက်အခဲကြုံနေရသည်။

ယခုအကူအညီသည် ရန်ကုန်ဆင်ခြေဖုံးက ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်များအပါအဝင် နယ်စပ်ဒေသ၊ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ အနောက်မြောက်ပိုင်းက ပြည်သူ ရှစ်သိန်းကျော်ကို ထောက်ပံ့မည်ဖြစ်ကြောင်း WFP က ထုတ်ပြန်သည်။

………………………………..

အာဆီယံအထူးသံတမန် မြန်မာသို့ မလာတော့ပါ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn မြန်မာနိုင်ငံသို့ မလာတော့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူ၏ပြောဆိုချက်ကို ကိုးကားပြီး Khmer Times သတင်းတွင် ဖော်ပြသည်။

တတိယအကြိမ်ခရီးစဉ်အဖြစ် လာရောက်ရန် စီစဉ်ထားသော်လည်း ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကုန်ဆုံးတော့မည်ဖြစ်၍ အချိန်မရတော့ခြင်း၊ ဘရပ်ဆဲ၌ ဒီဇင်ဘာလ ၁၄ရက်တွင် ကျင်းပမည့် အာဆီယံ-ဥရောပ ထိပ်သီးအစည်းအဝေး တက်ရောက်ရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု အကြောင်းပြသည်။

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ကို စစ်ကောင်စီက လိုက်နာအကောင်အထည်ဖော်မှု အားနည်းခြင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တက္ကသိုလ်ကျောင်းသား ခုနစ်ဦးကို သေဒဏ်ချမှတ်ခြင်းကြောင့် ခရီးစဉ်ဖျက်သိမ်း လိုက်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများ၏မှတ်ချက်ကို ကိုးကားကာ ယင်းသတင်းတွင် ဖော်ပြသည်။

………………………………..

တမူးဖြစ်ရပ် ထိထိရောက်ရောက် အရေးယူမည်ဆိုသည့် NUG

စစ်ကိုင်းတိုင်း တမူးမြို့ လမ်းမပေါ်တွင် လက်ထိပ်ခတ်ထားသည့် အမျိုးသမီးတစ်ဦးအား ရိုက်နှက် ပစ်သတ်မှု ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်နေပြီး ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီဇင်ဘာလ ၅ ရက်တွင် ထုတ်ပြန်သည်။

လမ်းသွားလမ်းလာများ ရှိနေသည့် လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးကို ဒလန်ဟုဆိုကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဝတ်ဆင်လေ့ရှိသည့် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင် အမျိုးသား၊ အမျိုးသမီး အချို့က နှိက်စက်ညှင်းပန်းကာ သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်ဖြစ်ရပ် ဗီဒီယိုမှတ်တမ်းမှာ ဒီဇင်ဘာလ ၃ရက်တွင် လူမှုကွန်ရက်တွင် ပျံ့နှံ့လာခြင်းဖြစ်သည်။

PDF များကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသော အမျိုးသမီးတစ်ဦး ပစ်သတ်ခံရသည့် ဖြစ်စဉ်မှာ NUG က ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ဆန့်ကျင်သွေဖည်နေပြီး လုံးဝ လက်မခံနိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

ယင်းလုပ်ရပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်ခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်မှုကျူးလွန်နေသည်ဟု ပုံဖော်ရန် ကြိုးပမ်းနေသည့်အပေါ် အထူးသတိချပ်ကြရန်လည်း တိုက်တွန်းထားသည်။

………………………………..

အစုလိုက်တွေ့သည့် ရုပ်အလောင်းများ

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငွေနံ့သာကျေးရွာအနီးတွင် လမ်းဘေးတွင် စုပုံထားသည့် အမျိုးသား ရုပ်အလောင်း ၁၃ လောင်းကို ဒီဇင်ဘာလ ၅ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့သည်။

အမှတ် (၇) ကားလမ်းမဘေးတွင် စုပုံထားခြင်းဖြစ်ပြီး အဆိုပါရုပ်အလောင်းများမှာ ရိုဟင်ဂျာများဖြစ်ကြောင်း အနီးဝန်းကျင်မှ ဒေသခံများက ပြောဆိုထားသည်။

ပြင်ပဒဏ်ရာ မတွေ့ရဘဲ သေဆုံးနေခြင်းဖြစ်သဖြင့် အလုံပိတ်ကားဖြင့် သယ်လာစဉ် အသက်ရှုကျပ်ပြီး သေဆုံးခြင်း ဖြစ်နိုင်ကြောင်းလည်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။ သေဆုံးသည့်အကြောင်းအရင်း အပါအဝင် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

ရုပ်အလောင်းများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီးနောက် စစ်ကောင်စီက မီးသင်္ဂြိုဟ်လိုက် ကြောင်းလည်း သတင်းများတွင် ဖော်ပြကြသည်။

ယခုလပိုင်းအတွင်း ရိုဟင်ဂျာများ ဖမ်းဆီးခံရသည့်ဖြစ်စဉ်များ ဆက်တိုက်ဆက်တိုက် ရှိနေသည်။

………………………………..

ဒဂုံတက္ကသိုလ်ကျောင်းသားများကို သေဒဏ်ချမှု မြန်မာသံရုံးရှေ့ နီပေါကျောင်းသားများဆန္ဒပြ

မြန်မာသံရုံးရှေ့ ဆန္ဒပြသည့် နီပေါကျောင်းသားများ

ဒဂုံတက္ကသိုလ်ကျောင်းသားခုနစ်ဦးကို စစ်ကောင်စီ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက သေဒဏ်အမိန့်ချမှတ်မှုအပေါ် နီပေါနိုင်ငံမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက နီပေါနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် ဒီဇင်ဘာလ ၅ ရက်က ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

မြန်မာပြည်က သူငယ်ချင်းများကို သေဒဏ်ကွက်မျက်မှု ရပ်တန့်ပါ ဟု တောင်းဆိုကြခြင်းဖြစ်ပြီး ဆန္ဒပြမှုကြောင့် နီပေါရဲများနှင့် ထိတ်တိုက်တွေ့ခဲ့သေးသည်။

တက္ကသိုလ်ကျောင်းသား ခုနစ်ဦးအပါအဝင် လူငယ် ၁၁ဦးကို နိုဝင်ဘာလ ၃၀ ရက်က သေဒဏ်ချမှတ်မှု၊ ကျောင်းသား ခုနစ်ဦးကို ဒီဇင်ဘာလ ၇ ရက်တွင် ကွက်မျက်မည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့သဖြင့် မိသားစုဝင်များနှင့် ပြည်သူ များကြား စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။ ယင်းအပေါ် ပြည်တွင်း၊ ပြည်ပတွင်လည်း ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။

လောင်းလုံးမြို့နယ်တွင် သပိတ်လှုပ်ရှားမှု

ဒီဇင်ဘာလ ၆ရက်က ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်လည်း အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့လေးခုနှင့် ပြည်သူများပူးပေါင်းကာ ကန့်ကွက်ကြောင်း သပိတ်လှုပ်ရှားခဲ့ကြပြီး သေဒဏ်ချမှတ်ခံထားရသည့် ကျောင်းသား ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။

ယင်းနေ့တွင်ပင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း မြန်မာနှင့် ထိုင်းကျောင်းသားများပူးပေါင်းက ကန့်ကွက်သည့် လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြသည်။

အကျဉ်းဦးစီးတာဝန်ရှိသူတစ်ဦးကမူ ဒီဇင်ဘာလ ၇ရက်တွင် သေဒဏ်စီရင်ခြင်းမရှိဟု ပြောဆိုကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

………………………………..

ရခိုင်နှင့် ပလက်ဝတွင် စစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်းနားကပ်လာ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့အထိ စစ်ဘေးရှောင် ဒုက္ခသည် တစ်သိန်းနီးနီးရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ဒီဇင်ဘာလ ၈ ရက်က ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲလေးလကြာ ပြင်းပြင်းထန်ထန်ဖြစ်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်က အလွတ်သဘော အပစ်ရပ်ခဲ့သည်။

တိုက်ပွဲ လေးလတာကာလတွင် ရခိုင်နှင့် ပလက်ဝတို့၌ စစ်ဘေးရှောင် ၂၃၇၀၀ ကျော် တိုးလာပြီး ယခင်ကပင် ရှိနေသည့် စစ်ဘေးရှောင်အရေအတွက်နှင့် ပေါင်းလျှင် ၉၈၅၀၀ ရှိလာပြီဖြစ်ကြောင်း UNOCHA က ဆိုသည်။

အပစ်ရပ်ပြီးနောက် ရခိုင်တွင် ရေလမ်းအချို့ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သဖြင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ၊ အရပ်သားသွားလာမှုများ ဖြေလျှော့ပြီး အကူအညီများ ပြန်လည်ဝင်ရောက်ပေးခွင့်ရရေး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသူများက မျှော်လင့်ကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ မြို့နယ် ခြောက်ခုကို နိုင်ငံတကာအဖွဲ့အစည်းများ လူသားချင်းစာနာသည့် အကူအညီများ ပေးခွင့်ပိတ်ပင်ခံခဲ့ရသည်။ နိုဝင်ဘာလတွင် နှစ်မြို့နယ် ထပ်တိုးသဖြင့် စုစုပေါင်း ရှစ်မြို့နယ်အထိ အပိတ်ခံထားရသည်။

………………………………..

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် အဖမ်းခံရ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဥက္ကဋ္ဌတာဝန်များယူခဲ့ပြီး လက်ရှိတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသည့် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးထားကာ တရားစွဲဆိုရန် ပြင်ဆင်နေသည်။

ထိုင်းနိုင်ငံသို့ ဆေးကုရန်သွားစဉ် ဒီဇင်ဘာလ ၄ ရက်က မန္တလေးလေဆိပ်တွင် ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး ဒီဇင်ဘာလ ၅ရက်တွင် မြစ်ကြီးနားသို့ ပြန်လာစဉ် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။

ယင်းနောက် ဒေါက်တာခလမ်ဆမ်ဆွန်ကို တရာစွဲဆိုမည့်အကြောင်း ကချင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက KBC တာဝန်ရှိသူများကို ခေါ်ယူအသိပေးခဲ့ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။ ဒေါက်တာခလမ်ဆမ်ဆွန်၏ အစည်းအဝေးတက်ရောက် ဟောပြောချက်များကြောင့် တရားစွဲခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

၎င်းလွတ်မြောက်ရေးအတွက် KBC က ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး ဒေါက်တာခလမ်ဆမ်ဆွန်နှင့် အဆက်အသွယ် ရရှိရန်ကြိုးပမ်းနေသည်ဟု ပြောဆိုထားသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် လူနည်းစုတိုင်းရင်းသားများအပေါ် စစ်တပ်က ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ၂၀၁၉ ခုနှစ်က တင်ပြခဲ့သူ ဖြစ်သည်။

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Global Witness က ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရမှုကို စိုးရိမ်ကြောင်းပြောဆိုပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

………………………………..

ဇာတ်မင်းသားဖိုးချစ်နှင့် တေးရေး၊ တေးဆို သျှန်ထွဏ်း အဖမ်းခံရ

နိုင်ငံကျော် ဇာတ်မင်းသားဖိုးချစ်နှင့် တေးရေး၊ တေးဆို သျှန်ထွဏ်း (မြန်မာစာ) တို့ နိုဝင်ဘာလ ၃၀ ရက်တွင် ဖမ်းဆီးခံလိုက်ရကြောင်း နီးစပ်သူများ၏ ပြောဆိုချက်ကို ကိုးကားကာ ပြည်တွင်းသတင်းဌာနများတွင် ယခုသီတင်းပတ်တွင် ဖော်ပြကြသည်။

ဇာတ်မင်းသား ဖိုးချစ်ကို နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး တေးရေး၊ တေးဆို သျှန်ထွဏ်း (မြန်မာစာ) ကို ပုဂံဘုရားဖူးသွားသည့် လမ်းခရီးတွင် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင်မူ ၎င်းတို့နှစ်ဦးသည် PDF များကို ငွေကြေးထောက်ပံ့နေသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စွပ်စွဲရေးသားထားကြသည်။

………………………………..