မိုးရာသီအတွင်း တနင်္သာရီတိုင်းက စစ်ဘေးရှောင်တစ်သောင်းကျော် စားဝတ်နေရေးအခက်ကြုံ

0
415
ပုလောမြို့နယ်ရှိ စစ်ဘေး‌ရှောင်စခန်းတစ်ခု

တနင်္သာရီတိုင်းတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသော စစ်ဘေးရှောင်တစ်သောင်းကျော်သည် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် နေရေး၊ စားသောက်ရေးနှင့် ဆေးဝါးများ အခက်ခဲကြုံတွေ့ နေရကြောင်း စစ်ဘေးရှောင်များအရေးဆောင်ရွက်သူများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲပြင်းထန်မှုကြောင့် ဇူလိုင်လ ၁၉ ရက်နေ့အထိ သရက်ချောင်း၊ ထားဝယ်၊ ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၁၀၀၀၀ ကျော်ရှိကြောင်း ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။  

၎င်းတို့မှာ စားနပ်ရိက္ခာ၊ ဆေးဝါးများလိုအပ်နေပြီး စစ်ဘေးရှောင်အချို့မှာ စစ်ဘေးရှောင်စခန်းတွင် မဟုတ်ဘဲ နီးစပ်ရာ တောတောင်ဥယျာဉ်ခြံတို့တွင် နေထိုင်နေသဖြင့် ယခုမိုးရာသီနေ့ရက်များတွင် နေထိုင်စားသောက်ရေးအတွက် အကူအညီ ပိုမိုလိုအပ်လျက်ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်း၌ ဇူလိုင်လ ၁၁ ရက်မှစ၍ ငါးရက်ဆက်မိုးကြီးခဲ့ပြီး ၁၆၊ ၁၇ ရက်များတွင် မိုးလျော့နည်းခဲ့သော်လည်း ဇူလိုင်လ ၂၁ ရက်တွင် မနက်မှ ညအထိ မရပ်မနားမိုးရွာသွန်းခဲ့သည်။

ယနေ့ (ဇူလိုင် ၂၂) တွင်လည်း မိုးရွာသွန်းနေသေးသဖြင့် စစ်ဘေးရှောင်းများအနေဖြင့် အခက်ခဲများစွာ ကြုံတွေ့လျက် ရှိကြောင်း ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုလို မိုးရွာလာရင် စစ်ဘေးရှောင်တွေရဲ့ အမိုးအကာ၊ ကျန်းမာရေးနဲ့ လမ်းပမ်းဆက်သွယ်ရေးတွေက အဓိက ခက်ခဲတာပဲ” ဟု ၎င်းက ပြောဆိုသည်။

တနင်္သာရီတိုင်းတွင် ဇူလိုင်လအတွင်း စစ်ဘေးရှောင်အရေအတွက်မှာ သရက်ချောင်းမြို့နယ်တွင် ၇၀၀၀ ခန့်၊ ထားဝယ်မြို့နယ်တွင် ၅၀၀ ခန့်၊ ပုလောမြို့နယ်တွင် ၂၀၀၀ ခန့် နှင့် တနင်္သာရီမြို့နယ်တွင် ၅၀၀ နီးပါးအထိ ရှိနေပြီး ပြီးခဲ့သော ဇွန်လအတွင်း လောင်းလုံးမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၄၀၀၀ ခန့်အထိ ရှိခဲ့ခြင်းဖြစ်ကြောင်း Dawei Watch က လေ့လာစုံစမ်းရရှိသည့် မှတ်တမ်းများအရ သိရသည်။

စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်သို့ ဇူလိုင် ၃ ရက်နေ့မှစ၍ လေးရက်ဆက် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဘေးလွတ်ရာ တောတောင်၊ ဥယျာဉ်ခြံထဲသို့ ထွက်ပြေးတိမ်းရှောင်သူ ၇၀၀၀ ကျော်ရှိကြောင်း တောင်ပျောက်တိုက်နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဘေးရှောင်ဒေသခံပြည်သူများမှာ စားဝတ်နေရေး၊ သွားလာရေး၊ ကျန်းမာရေး၊ နေရာထိုင်ခင်းတို့ အခက်အခဲကြုံတွေ့နေရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းစစ်ဘေးရှောင်များတွင် သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးများ ပါဝင် နေသည့်အတွက် ဆေးဝါး (ကာကွယ်ဆေး) များ လိုအပ်လျက်ရှိနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့နယ် အရှေ့တောဒေသဖြစ်သော ဝကုန်းဒေသ၊ ဘဝပင်ရွာနှင့် လေးအိမ်စုဒေသများမှလည်း ဇူလိုင်လ အတွင်း စစ်ဘေးရှောင် ၅၀၀ ကျော်ရှိနေကြောင်း အရှေ့တောစစ်ဘေးရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။

ယင်းဒေသသို့ စစ်ကောင်စီက ဆန်သယ်ယူခွင့်ကန့်သတ်ထားသလို စစ်ဘေးရှောင်စခန်းဟူ၍ သီးခြား မရှိသဖြင့် မိုးရာသီအတွင်းတွင် အမိုးအကာထောက်ပံ့ ကူညီများလိုအပ်နေကြောင်း ၎င်းတို့က ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၅ ခုတွင် ဇူလိုင်လ ၁၄ ရက်နေ့အထိ စစ်ဘေးရှောင် ၁၆၃၃ ဦးရှိ ကြောင်း ပုလောစစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂၇ရက်နေ့မှစ၍ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ရိက္ခာသယ်ယူနေသော လမ်းကြောင်းများကို စစ် ကောင်စီတပ်က ပိတ်လိုက်သဖြင့် ယခုအချိန်တွင် ရိက္ခာပြတ်လုနီးပါးအထိ ခက်ခဲနေပြီး အအေးမိနှာစေးနှင့် ငှက်ဖျား ရောဂါတို့အတွက် ဆေးဝါးများ လိုအပ်နေကြောင်း ပုလောစစ်ရှောင်စခန်းတွင် ကူညီပေးနေသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ လိုနေတာ အဓိကဆေးဝါးနဲ့ ရိက္ခာနဲ့ပဲ။ ကျန်တာတွေက အဆင်ပြေနေသေးတယ်” ဟု ၎င်းက ဆိုသည်။

ပုလောမြို့နယ်တွင် ဇွန်လအတွင်း တိုက်ပွဲများပြင်းထန်ခဲ့သဖြင့် စစ်ဘေးရှောင်ပြည်သူများ သိသိသာသာတိုးလာခဲ့ရာ စစ်ရှောင်စခန်း လေးခုရှိရာမှ နောက်တစ်ခု ထပ်တိုးတည်ဆောက်ထားရကြောင်း စစ်ဘေးရှောင်အရေးကူညီသူများ ထံမှ သိရသည်။  

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်လည်း ဇွန်လအတွင်းတွင် တိုက်ပွဲများကြောင်း နေရပ်သို့ မပြန်နိုင်သေးသော စစ်ဘေးရှောင်ဦးရေ ၅၀၀ နီးပါး ကျန်နေသေးကြောင်း ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များဆီသို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းအများစုကို စစ်ကောင်စီတပ်က ပိတ်ဆို့မှု များလာသဖြင့် စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာ၊ မိုးရာသီအတွက် အမိုးအကာများနှင့် ဆေးဝါးများ ရောက်ရှိနိုင်မှုမှာ ပို၍ ခက်ခဲလာခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီသူများထံမှ သိရသည်။