မြန်မာတွင် အွန်လိုင်းမှတစ်ဆင့် တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းချမှုမြင့်မားလာဟု WWF ထုတ်ပြန်

0
340
ယမန်နှစ်က သရက်ချောင်းမြို့နယ်က သစ်တောတစ်တောတွင် ဖမ်းမိသည့် သင်းခွေချပ် ။

မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသအတွင်း တောရိုင်းတိရစ္ဆာန်များကို အင်တာနက်လူမှုကွန်ရက်မှ တစ်ဆင့် တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှု သိသိသာသာ မြင့်မားလာနေကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) ၏ အာရှပစိဖိတ်ဒေသဆိုင်ရာရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။

၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်ကြားကာလအတွင်း မြန်မာနိုင်ငံတွင် Facebook မှတစ်ဆင့် တောရိုင်းတိရစ္ဆာန်ထွက် ကုန်ပစ္စည်းများ ရောင်းဝယ်မှု ၇၄ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း Facebook ပေါ်တွင် ရောင်းချနေသည့် တောရိုင်းတိရစ္ဆာန်ပစ္စည်းပေါင်း ၁၁,၀၄၆ ခုအထိရှိကြောင်း WWF က ထုတ်ပြန်သည်။

အဖွဲ့ဝင်ပေါင်း ၁၉၀၀၀ ကျော်ရှိသည့် အွန်လိုင်း Group များအတွင်း တစ်ရက်လျှင် ပိုစ့်ပေါင်း ၃၀ ကျော်အထိ တင်ကာ ရောင်းချနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အများဆုံး တရားမဝင် ကုန်သွယ်နေသည့် မျိုးစိတ်များမှာ ငှက်မျိုးစိတ် ၇၆ ရာခိုင်နှုန်း၊ နို့တိုက်သတ္တဝါ ၂၂ ရာခိုင်နှုန်းနှင့် တွားသွား သတ္တဝါ နှစ်ရာခိုင်နှုန်းရှိကြောင်းလည်း WWF က ထုတ်ပြန်သည်။

အရောင်းအဝယ်ဖြစ်ပါက ယင်းပစ္စည်းများကို အများပြည်သူသုံး ဘတ်စ်ကားများမှတစ်ဆင့် ဝယ်ယူသူများထံ ပေးပို့နေသည်ကိုလည်း တွေ့ရှိရသည်ဟု ဆိုသည်။

“လူမှုကွန်ရက်ကို သုံးပြီးတော့ တောရိုင်းတိရစ္ဆာန်တွေကို ရောင်းဝယ်နေကြတဲ့အတွက် ရောင်းတဲ့သူတွေက ကုန်ကျစရိတ်လည်း မရှိဘူး။ သိပ်ပြီး စိုးရိမ်စရာ မရှိသလိုလည်း ဖြစ်နေတာ” ဟု WWF ၏ အာရှပစိဖိတ် ဒေသတွင်း တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားသည့် ဆိုက်ဘာရာဇဝတ်မှုများဆိုင်ရာ စီမံကိန်း ခေါင်းဆောင်ဖြစ်သူ Shaun Martin က ထုတ်ပြန်ချက်မှတစ်ဆင့် ပြောဆိုသည်။

ယင်းသို့ရောင်းဝယ်ဖောက်ကားခံရသည့် တောရိုင်းတိရစ္ဆာန်များ၏ သုံးပုံတစ်ပုံခန့်မှာ ကမ္ဘာအဝှမ်း မျိုးသုဉ်း ပျောက်ကွယ်နိုင်သည့် အန္တရာယ်ရှိနေသော မျိုးစိတ်များဖြစ်ကြောင်း WWF က ဆိုသည်။

မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေအရ “လုံးဝ ကာကွယ်ထားသော” မျိုးစိတ်များလည်းဖြစ်ကြောင်း WWF က ထုတ်ပြန်သည်။

တောရိုင်းတိရစ္ဆာန်နှင့် ထွက်ကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် လွယ်လွယ်ကူကူ ရောင်းဝယ်နေမှုကို မတားဆီးနိုင်ပါက မြန်မာနိုင်ငံ၏ တောတောင်၊ ရေမြေနှင့် ကောင်းကင်တွင် တောရိုင်းတိရစ္ဆာန်များ ကင်းမဲ့လာမည့် အခြေအနေအထိဖြစ်လာနိုင်ကြောင်း Shaun Martin ပြောသည်။

ယင်းအပြင် လူနှင့် တိရစ္ဆာန်အကြား ကူးစက်နိုင်သည့် ရောဂါများလည်း ဖြစ်လာနိုင်ကြောင်း Shaun Martin သတိပေးသည်။

တောရိုင်းတိရစ္ဆာန်များကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးခြင်း၊ တောကောင်သား စားသုံးကြခြင်း၊ တိရစ္ဆာန် အစိတ်အပိုင်းများကို တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများအဖြစ် အသုံးပြုနေခြင်း၊ တိုင်းရင်းဆေးဖော်ရာတွင် အသုံးပြုခြင်းတို့ ပြုလုပ်နေသဖြင့် ယင်းတရားမဝင်ဈေးကွက်မှာ ကျယ်ပြန့်လာနေခြင်းလည်း ဖြစ်သည်။