ထိုင်းသို့ တရားမဝင် ဝင်သဖြင့် တစ်ပတ်အတွင်း မြန်မာလုပ်သား နှစ်ရာနီးပါး ထပ်မံအဖမ်းခံရ

0
224
ဇန်နဝါရီလ ၇ ရက်နေ့က ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ်။

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် မြန်မာလုပ်သား ထောင်နှင့်ချီ ဖမ်းဆီးခံထားရသော် လည်း ဆက်လက်သွားနေကြဆဲဖြစ်ပြီး ယခုတစ်ပတ်အတွင်းလည်း နှစ်ရာနီးပါး ထပ်မံဖမ်းဆီးခံရကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂ ဦး၊ ၃ ရက်နေ့တွင် ၆၈ ဦးနှင့် ၇ ရက်နေ့တွင် ၈၅ ဦး စုစုပေါင်း ၁၉၅ ဦး ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦး‌ရေ ထောင်ချီ‌ဖမ်းမိထားပြီး ဖြစ်သော်လည်း တရားမဝင်သွားရောက်မှုများ ရှိနေဆဲဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှတစ်ဆင့် ထိုင်းသို့ တရားမဝင် သွားရောက်ကြသဖြင့် ဖမ်းဆီးခံရနေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တရားမဝင် ဝင်ရောက်ကြသဖြင့် ပြီးခဲ့သည့်နှစ် ဇွန်လမှ ဒီဇင်ဘာလအထိ လစဉ် လူရာနှင့်ချီ ဖမ်းဆီးခံနေရသည်။

နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်မူ ဖမ်းမိသူဦးရေသည် တစ်လလျှင် ငါးရာဦး နီးပါးအထိ ရှိခဲ့ကြောင်း
ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။

“မောတောင်မှာ စီးပွားရေး မကောင်းဘူး။ ဘော်လုံးက အမြဲတွေ့နေရတယ်” ဟု မောတောင်နယ်စပ် မြို့မရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ဘော်လုံး အခေါ်အဝေါ်မှာ ထိုင်းသို့ တရားမဝင် သွားရောက်မည့်သူတို့အား ခေါ်ဝေါ်ခြင်းဖြစ်သည်။

မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား ပြီးခဲ့သည့်နှစ် အစခန့်မှစပြီး ထိုင်းဘက်က ပိတ်ထားသဖြင့် ဒေသခံတို့၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးကျဆင်းနေကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် ထိုင်းသို့ တရားမဝင် သွားရောက်မည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို မကြာခဏ တွေ့နေရကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးလာခြင်း၊ ငွေကြေးကျပ်တည်း လာခြင်း၊ လုံခြုံမှု မရှိခြင်း စသည်တို့ ကြုံတွေ့နေကြရသဖြင့် အကြွေးတင်ခံကာ ထိုင်းသို့ တရားမဝင်သွားရောက် နေကြခြင်းကြောင်း ထောက်ပြသူများရှိသည်။