ရော်ဘာခြစ်ရန်သွားသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

0
270

သရက်ချောင်းမြို့နယ် မိုးရွှေကုန်းရွာက အမျိုးသမီးတစ်ဦးသည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရော်ဘာခြစ်ရန် သွားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဆေးရုံတွင် ဆေးကုသနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေနတ် ပစ်ခံရသည့် အမျိုးသမီးမှာ အသက် ၄၀ ကျော်အရွယ် အရပ်ခေါ် ဒေါ်မဆဲဆိုသူဖြစ်ပြီး ယင်းကျေးရွာရှိ ရော်ဘာခြံသို့ နံနက် ၄ နာရီခန့်တွင် သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးအား ပျူစောထီးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ရာဘာခြစ်ဖို့ သွားတဲ့အချိန် ပျူစေားထီးအဖွဲ့ ရွာထဲလှည့်နေတာနဲ့ တိုးပြီး ပစ်ခံရတာ။ မှောင်နေ‌တော့ ဘယ်သူမှန်း မသိဘဲနဲ့ ပစ်လိုက်တာ ထင်တယ်။ ပထမတစ်ချက်ပစ်တာ ခြေထောက်ကို ထိသွားပြီးမှ ထပြေးတဲ့အချိန် ထပ်ပစ်တာ ဗိုက်ကို ထိသွားတယ်လို့ ကြားရတယ်” ဟု ‌ဒေသခံတစ်ဦးက ဆိုသည်။

ကျည်နှစ်ချက် ထိမှန်သည့် ဒဏ်ရာကို ဆေးကုသနေရပြီး အသက်အန္တရာယ်မူ မစိုးရိမ်ရဟု ကြားသိရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စော်ဖျားကျေးရွာရှိ ပျူစေားထီးအဖွဲ့သည် သေနတ်ဖြင့်ရွာထဲ လှည့်လည်သွားလာ နေကြ သဖြင့် စော်ဖျား၊ မိုးရွှေကုန်း၊ ကျောက်လှေခါး စသည့် ကျေးရွာက ဒေသခံ ရော်ဘာတောင်သူများ အလုပ်သွားရန် စိုးရိမ် ထိတ်လန့်နေကြကြောင်း ဒေသခံအချို့က ပြောသည်။

ဒေသခံအချို့မှာ ရွာတွင် မနေရဲတော့သဖြင့် ရော်ဘာလုပ်ငန်းကိုလည်း လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘဲ စွန့်ပစ်ထားရကြောင်း ဒေသခံအချို့က ဆိုသည်။