ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး ပြန်လာသည့် မြန်မာ ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

0
274
ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသဖြင့် ကော့သောင်းမြို့သို့ ရောက်ရှိလာသည့် မြန်မာ ၁၄၀ ကျော်အနက် ၁၀ဦးတွင် ကိုဗစ်ပိုးတွေ့ကြောင်း ၎င်းတို့ကို ကူညီပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄၀ ဦးကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကော့သောင်းဘက်သို့ ပြန်လည် လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသားများကို ကွာရန်တင်းစင်တာတွင်ထားရှိပြီး ကိုဗစ်ပိုး စစ်ဆေးရာ အမျိုးသား ၁၀ ဦးတွင် ပိုးတွေ့ကြောင်း ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်စိုးက ဆိုသည်။

၎င်းတို့၏ ဓာတ်ခွဲ နမူနာများကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် မော်လမြိုင်မြို့သို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်ညတွင် ခုနစ်ဦး ပိုးတွေ့သည်ဟု ဓာတ်ခွဲအဖြေရရှိသဖြင့် ကော့သောင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဦးခိုင်စိုးက ဆိုသည်။

“သူတို့နဲ့ (ပိုးတွေ့လူနာ) အတူတူနေတဲ့အတွက် ပြန်စစ်တဲ့အချိန်မှာ နောက်ထပ် သုံးယောက် ထပ်တွေ့ တယ်” ၎င်းက ပြောသည်။

ပိုးတွေ့သူများ၏ လိပ်စာအရ တနင်္သာရီတိုင်းအတွင်းက ခုနစ်ဦးနှင့် တိုင်းပြင်ပက သုံးဦးဖြစ်ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

ကျန်သူများမှာ ကွာရန်တင်း ၁၀ ရက်ပြည့်ပြီဖြစ်သည့်အတွက် နေထိုင်ရာဒေသအသီးသီးသို့ ပြန်လွှတ် တော့မည် ဖြစ်ကြောင်း ဦးခိုင်စိုးက ဆိုသည်။

အောက်တိုဘာလအတွင်းကလည်း ထိုင်းနိုင်ငံဘက်မှ ပြန်လွှဲသည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သား ၄၀၀ နီးပါးရှိသည်။