သရက်ချောင်းတွင် ပစ်ခတ်မှုနှင့် မိုင်းဆွဲမှု ဆက်တိုက်ဖြစ်ပွား

0
303

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဒလန်ဟု လူသိများသူများကို သတ်ဖြတ်မှုနှင့် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် ဒလန်ဟုဆိုသူ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်(ခေါ်) ဦးမောင်နိုင်နှင့် ကြာအင်းကျေးရွာမှ ကိုထိုက်ဆိုသည့် အမျိုးသားနှစ်ဦး သေနတ်နှင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံက သိရသည်။

နိုဝင်ဘာ ၁၅ ရက် ယနေ့ နံနက် ၂ နာရီခွဲခန့်က သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု ကျောက်လှေကားရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်မှာ ရော်ဘာခြံသို့သွားစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မိုးသောက် ၂ ချက်ခွဲ လောက်လို့ပြောတယ်၊ အလောင်းတွေ့တာက ၃ နာရီလောက်မှ တွေ့တယ်ဆိုပြောတယ်၊ သူက ရော်ဘာလှီးသွားရင်းနဲ့ တောထဲမှာပဲ ဖြစ်ခံရတာ၊ ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားမှာ NLD အစိုးလက်ထက်ကလည်း အုပ်ချုပ်ရေးမှူးဖြစ်ပြီး ယခု စစ်ကောင်လက်ထက်တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

ဦးမောင်နိုင်မှာ စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်ပြီး ဒလန်ဟု နာမည်ထွက်နေသူဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းကို သရက်ချောင်းမြို့မှ စစ်အာဏာရှင်စနစ်ဆန့်သည့် ပြောက်ကျားအဖွဲ့တစ်ခုက စာထုတ်သတိပေးထားပြီး ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ သရက်ချောင်းမြို့နယ်တွင် နိုဝင်ဘာလ ၁၂ ရက် ည ၆ နာရီခန့်က သူရဲတောင်ရွာနှင့် ကင်းရှေ့ရွာကို ဆက်သွယ်ထားသည့် ကြိုးတံတားတွင် ဒလန်ဟု ဆိုသူ ကိုထိုက်ဆိုသည့် အမျိုးသားကို သရက်ချောင်းမြို့နယ် ပြောက်ကျားအဖွဲ့က သေနတ်နှင့် ပစ်သတ်ရှင်းလင်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ပေါင်နှင့် ဝမ်းဗိုက်တွင် ကျည်ဆန် ၄ ချက်ခန့်ထိမှန်ခဲ့ပြီး စစ်တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

အဆိုပါ အမျိုးသားကို ရွာသားအချို့က ဒလန်ဟု ပြောဆိုမှုများရှိနေပြီး ပျူစောထီးအဖွဲ့ဝင်ဟုလည်း ပြောဆိုနေကြကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းအပြင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက သရက်ချောင်းမြို့နယ် ရငဲရွာနှင့် ကတဲရွာကြားတွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံး ဒဏ်ရာရမှုအချို့ရှိသည်ဟု ဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိပါ။

ထားဝယ်ခရိုင်အတွင်း ပစ်ခတ်မှုများ၊ စစ်ကောင်စီ၏ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးနင်းခွင့်ကိုလည်း ပိတ်ပင်ထားသည်။