မော်လမြိုင်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
267

မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှရီ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီသည် အောက်တိုဘာ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အုပ်ချုပ်ရေးမှူးရုံးသွားရာလမ်းတွင် အမည်မသိသေနတ်သမားနှစ်ဦးတို့က လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှရီသည် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

“၅ ချက် အပစ်ခံရတယ်လို့ ပြောတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ဦးလှရီကို ၎င်းတို့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။

ဦးလှရီသည် မော်လမြိုင်မြို့နေပြည်သူများအား စိတ်ရောကိုယ်ပါ ဒုက္ခပေးနေသောကြောင့် ယခုလို လုပ်ဆောင်ရခြင်းဖြစ်သည်ဟုလည်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။

အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီ ပစ်သတ်ခံရပြီးနောက် မော်လမြိုင်မြို့ပေါ်ရှိ လမ်းအတော်များများတွင် စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည့်အပြင် နေအိမ်အချို့တို့ကိုလည်း ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း မောင်ငံရပ်ကွက်က ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံထားရပြီး အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီမှာ ဒုတိယမြောက် ပစ်သတ်ခံရသည့် မြို့ပေါ် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း မော်လမြိုင်မြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်သတ်ခံရသည့်ဖြစ်စဉ်လည်း ရှိလာခဲ့သည်။