လောင်းလုံးမြို့နယ် ဝေဒီရွာတွင် စစ်သားများက လူစိမ်းဝင်စစ်

0
173
လောင်းလုံးမြို့နယ် ဝေဒီရွာတွင် စစ်သားများက လူစိမ်းဝင်စစ်

လောင်းလုံးမြို့နယ်အတွင်း ထားဝယ်မြစ်ကမ်းဘေးရွာတစ်ရွာဖြစ်သည့် ဝေဒီကျေးရွာတွင် စစ်သားများက လူစိမ်းရှိ မရှိကို ဝင်ရောက်စစ်ဆေးနေကြောင်း ‌ယင်းကျေးရွာသားအချို့ထံမှ သိရသည်။

ဩဂုတ်လ ၃၁ ရက် နေ့လယ် ၁ နာရီခန့်တွင် လာရောက်စစ်ဆေးနေခြင်းဖြစ်ပြီး မြစ်ကမ်းနံဘေး နေအိမ်များကို အဓိကထား ရှာဖွေ စစ်ဆေးခဲ့‌ကြောင်း ဒေသခံအချို့က ဆိုသည်။

“PDF တွေ ရေလမ်းကနေလာပြီး ဒီရွာမှာများ လာပုန်းနေတယ်ထင်ပြီး ရှာနေတာလို့ထင်တယ်။ ကမ်းနားက ထောင့်ကျတဲ့ အိမ်တွေကို စစ်ဆေးတာများတယ်။ အိမ်ထောင်စုစာရင်းပြခိုင်းပြီးတော့ စစ်ဆေးနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ညနေ ၅ နာရီကျော်အချိန်အထိ မေးမြန်းချက်အရ စစ်သားများ ရွာထဲတွင် ရှာဖွေစစ်ဆေးနေဆဲဖြစ်ပြီး ဖမ်းဆီးခံရသူများမရှိသေးကြောင်း အဆိုပါဒေသခံက ဆိုသည်။

ဩဂုတ်လ ၂၇ ရက်က နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းတစ်ဦး အသတ်ခံရပြီးနောက် ထားဝယ်မြစ်တစ်လျောက် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လျှက်ရှိသည်။