ထားဝယ်သပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို ‌သေနတ်ပစ် ဖမ်းရန် ကြိုးပမ်း

0
183
Dawei Watch, Dawei News, Dawei News Media

ထားဝယ်သပိတ်စစ်ကြောင်းတွင် ပုံမှန်ပါဝင်နေသည့် လူငယ်လေးဦးကို အရပ်ဝတ် လက်နက်ကိုင်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရန် ကြိုးပမ်းမှုတစ်ခု ဇူလိုင်လ ၁၂ ရက် နေ့လယ် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း တပ်ပေါင်းစုသပိတ်စစ်ကြောင်း ဦးဆောင်သူက ပြောသည်။

လူငယ်သပိတ်စစ်ကြောင်းနှင့် တပ်ပေါင်းစု သပိတ်စစ်ကြောင်းနှစ်ခု ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ရန်အတွက် လူငယ်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် မတူညီသော လမ်းကြောင်း နှစ်ခုမှ စုရပ်သို့ ထွက်ခွာလာစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။

ပထမလူငယ်နှစ်ဦး စီးနင်းလာသည့်ဆိုင်ကယ် ပုံကျွန်းရပ်ကွက်သို့ အရောက်တွင် အရပ်ဝတ်လက်နက်ကိုင်နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် နောက်ယောင်ခံလိုက်လာကြောင်း ၎င်းကပြောသည်။

ယင်းနောက် လူပြတ်သည့်နေရာဖြစ်သော မြောင်းပုလဲရပ်ကွက်ရှိ တံတားတစ်ခုအရောက်တွင် လက်နက်ကိုင်ထားသည့် ဆိုင်ကယ်က အရှေ့မှ ပိတ်ရပ်ကာ တားဆီးခဲ့သည်ဟု ဆိုသည်။

“သူတို့ဆိုင်ကယ်ပိတ်ရပ်ပြီးတာနဲ့ ခါးထဲကနေ ပစ္စတို(သေနတ်) ဆွဲထုတ်တယ်။ သေနတ်ဆွဲထုတ်နေတဲ့အချိန်မှာပဲ ရှိတဲ့လမ်းပေါက်ကနေပြီး မောင်းပြီး ပြေးထွက်လာလို့ လွတ်သွားတယ်” ဟု အထက်ပါ သပိတ် ဦးဆောင်သူက ဆိုသည်။

အရပ်ဝတ် လက်နက်ကိုင်နှစ်ဦးကလည်း နောက်မှ ထပ်ကြပ်မကွာလိုက်လာသည်ဟု ဆိုသည်။

ယင်းအချိန်တွင် အခြားဆန္ဒပြ လူငယ်နှစ်ဦး စီးလာသည့် ဆိုင်ကယ်နှင့် လမ်းတစ်နေရာတွင် ဆုံခဲ့သည်။

လက်နက်ကိုင်နှစ်ဦးက ပထမတွေ့သည့် လူငယ်နှစ်ဦးနောက် ဆက်မလိုက်တော့ဘဲ ဒုတိယတွေ့သည့် လူငယ်နှစ်ဦးနောက်သို့ ‌‌လိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်ဟူဆိုသည်။

“ဆိုင်ကယ်ဘေးချင်းကပ်ရောက်တဲ့အချိန်မှာ အနောက်က ထိုင်လိုက်လာတဲ့လူက AK 47 နဲ့ ဘေးချင်းကပ်ပစ်တယ်ဗျာ။ ပစ်တဲ့အချိန်မှာ သေနတ်က ဂျမ်းဖြစ်ပြီးတော့ ကျည်မထွက်ဘူး။ မထွက်တော့ သူတို့လည်း လွတ်သွားတယ်” ဟု ဦးဆောင်သူတစ်ဦးက ဆိုသည်။

ယင်းအတွက်ကြောင့် နေ့လယ် ၁၂ နာရီကျော်တွင် ပြုလုပ်မည့် ဆန္ဒပြခြင်းကို ရပ်နားပြီး လူစုခွဲခဲ့ကြောင်း ‌၎င်းကပြောသည်။

ယင်းနောက် ညနေသုံးနာရီတွင် ပျောက်ကျားသပိတ်ထွက်ရန် ပြုလုပ်နေစဉ်တွင်လည်း လက်နက်ကိုင်‌ ခြောက် ဦးရောက်လာပြီး သေနတ်ပစ်ဖြင့် ပစ်ခတ်ရန် ချိန်ရွယ်ခဲ့သည်ဟု ဆိုသည်။

“သူတို့လာတဲ့ခြောက်ယောက်ထဲက တစ်ယောက်က သေနတ်နဲ့ချိန်တယ်။ အဲဒီအချိန်မှာ အားလုံးပြေးကြတယ်” ဟု ၎င်းက ပြောသည်။

ဆန္ဒပြသူများ အားလုံးထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဆိုင်ကယ်သုံးစီးကို သိမ်းဆည်းခံလိုက်ရကြောင်း ၎င်းကပြောကြားသည်။

ပါသွားသည့် ဆိုင်ကယ်များတွင် ဆန္ဒပြစစ်ကြောင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ ပါသွားခဲ့ကြောင်း ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း ဦးဆောင်သူက ဆိုသည်။