လောင်းလုံး ပန်းတင်အင်းရွာတွင် စစ်မှုထမ်း‌ဟောင်း တစ်ဦး ပစ်သတ်ခံရ

0
196
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာတွင် ဇူလိုင်လ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် စစ်မှုထမ်းဟောင်းအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၇၀ ဝန်းကျင်အရွယ် ဦးအောင်ကြည် ခေါ် ဒူးလန်ဆိုသူဖြစ်ပြီး ပန်းတင်အင်းကျေးရွာ ညောင်ပင်ဆိပ် အဝင်လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“ဦးခေါင်းကို သေနတ်နဲ့ပစ်သွားတယ်လို့ကြားရတယ်။ အလောင်းကတော့ ထားဝယ်ကိုသယ်သွားတယ်။ အခုထိတော့ ရွာကို ပြန်မရောက်လာသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ ၁၀ နာရီခန့်တွင် ပြောကြားသည်။

ဦးအောင်ကြည်သည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ဆေးတပ်သားတစ်ဦးဖြစ်ကြောင်း ၎င်းနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်ကတည်းက တပ်မှအငြိမ်းစားယူပြီးနောက် ပန်းတင်အင်းရွာတွင် ဇနီးနှင့်အတူ အခြေချနေထိုင်ကာ ဆေးကုသခြင်းဖြင့် အသက်မွေးနေသူဖြစ်ကြောင်း ၎င်းကပြောသည်။

ဦးအောင်ကြည်အား လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းသည် စစ်တပ်သတင်းပေး ဒလန်လုပ်နေသောကြောင့် ယင်းကဲ့သို့ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဦးအောင်ကြည်နှင့် ရင်းနှီးသူတစ်ဦးကမူ စစ်တပ်သတင်းပေး ဒလန်ဆိုသည်မှာ အတိအကျပြောဆိုရန် ခက်ခဲကြောင်းပြောသည်။

“သူမသေမီ နှစ်ရက်လောက်တုန်းက ကျွန်တော်ကို တစ်ခါပြောပြဖူးတယ်။ လူတွေက ငါ့ကို ဒလန်လို့ထင်နေကြတယ်တဲ့။ ငါဒလန်မဟုတ်ဘူးပေါ့။ ငါ့အိမ်ရှေ့မှာ ဆန္ဒလာပြနေကြတာတောင်မှ တစ်ခါမှဖုန်းဆက်ပြီး တိုင်ဖူးတာမရှိဘူးလို့ ပြောပြဖူးတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်က ဦးအောင်ကြည်အား ပန်းတင်အင်းရွာ အုပ်ချုပ်ရေးမှူးခန့်အပ်ခဲ့သေးသော်လည်း လက်မခံဘဲ ငြင်းပယ်ခဲ့ကြောင်း ၎င်းအမျိုးသားက ပြောသည်။

ထားဝယ်တွင် ဆန္ဒပြပွဲများအား စတင်အကြမ်းဖက်ဖြိုခွဲနေချိန်ကမူ ဦးအောင်ကြည်နေအိမ်အား စစ်တပ်က အဝင်အထွက်ရှိသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် အဝင်အထွက်မရှိတော့ကြောင်း ၎င်းက ပြောကြားသည်။