ကိုဗစ် ဒယ်တာမျိုးစိတ်က ဆွဲနုတ်လိုက်တဲ့ ထိုင်းခရီးသွားအိပ်မက်

0
264

ကိုဗစ်ကူးစက်မှု တကျော့ပြန်မြင့်တက်လာခြင်းက နိုင်ငံခြားခရီးသွားဧည့်တွေကို လာရောက်လည်ပတ်ခွင့်ပြုမယ့် ထိုင်းနိုင်ငံရဲ့ ရက် ၁၀၀ စီမံကိန်းအပေါ် မရေရာမှုတွေ ဖြစ်စေပါတယ်။

ဒီတစ်ပတ် အင်္ဂါနေ့တစ်ရက်တည်း ကိုဗစ်ကူးစက်ခံရသူပေါင်း ၇၀၀၀ နဲ့ သေဆုံးသူပေါင်း ၇၅ ယောက်အထိ ရှိခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအတွက် အမြင့်ဆုံးစံချိန်လည်း ဖြစ်ခဲ့ပါတယ်။

မနှစ်ကတော့ ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရာမှာ အောင်မြင်မှုရခဲ့ပါတယ်။ အနိမ့်ဆုံးခုဂဏန်းအထိ ရောက်အောင် ဆောင်ရွက်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံအနေနဲ့ ကူးစက်ပျံ့ပွားမှုနှုန်းမြင့်တဲ့ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲသစ် ဒယ်တာကြောင့် သူ့ရဲ့ကနဦးအစီအစဉ်တွေကို ယာယီရပ်ဆိုင်းထားရဖွယ် ရှိနေပါတယ်။

ရောဂါကူးစက်မှု အဆမတန်မြင့်တက်လာခြင်းက နိုင်ငံရဲ့ကျန်းမာရေးစနစ်ကြီးတစ်ခုလုံးကို ဝန်ပိလာနေစေပါတယ်။ လက်ရှိအချိန်မှာ ကိုဗစ်လူနာများလွန်းနေတာကြောင့် ဆေးရုံအများစုမှာ ကုတင်အလွတ်မရှိလောက်အောင်အထိ ကြုံနေရပါတယ်။

ယခုလအစောပိုင်းက လေဆိပ်ကြီးတစ်ခုရဲ့ ဥမင်(Terminal) တစ်ခုကို အထူးကြပ်မတ်ကုသဆောင်(ICU)ပါတဲ့ ယာယီဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီယာယီဆေးရုံမှာ အနည်းဆုံး လူနာ ၅၀၀၀ လောက် တက်ရောက်ကုသနိုင်အောင် စီစဉ်သွားဖို့ရှိကြောင်းလည်း ဆိုပါတယ်။

အခုလို ရောဂါကူးစက်မှုမြင့်တက်လာခြင်းက ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်လာစေပြန်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးပြီးတဲ့ ခရီးသွားဧည့်သည်တွေကို နိုင်ငံအတွင်း လွတ်လပ်စွာလည်ပတ်ခွင့်ပြုဖို့နဲ့ စီးပွားရေးလုပ်ငန်းများအားလုံး ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးအပါအဝင် ကဏ္ဍအားလုံးကို အပြည့်အဝပြန်လည်ခွင့်ပြုမယ့် ရက် ၁၂၀ စီမံကိန်းကို ဝန်ကြီးချုပ်ပရာယွတ်က လွန်ခဲ့တဲ့လက ချမှတ်ခဲ့ပါတယ်။

ထို့အပြင် ထိုင်းနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့အပတ် အစောပိုင်းလောက်က ကွာရန်တင်းဝင်စရာမလိုတဲ့ ခရီးသွားဧည့်သည်တွေရဲ့ ပထမအသုတ်ကို ဖူးခတ်ကမ်းခြေသို့ လာရောလည်ပတ်ခွင့်ပြုခဲ့ပါတယ်။

ဖူးခတ်ကျွန်းခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေးအစီအစဉ်(Phuket Sandbox) စတင်ခွင့်ပြုခဲ့ချိန်မှစပြီး ဧည့်သည် ၂၀၀၀ လောက် ကမ်းခြေကို လာရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဖူးခတ်ကိုလာရောက်လည်ပတ်နေတဲ့ ယူအေအီးနိုင်ငံသား အမျိုးသားတစ်ယောက်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူအများဆုံးက မြို့တော်ဘန်ကောက်မှာဖြစ်ပါတယ်။ တင်းကြပ်တဲ့လော့ခ်ဒေါင်းချခြင်းကသာ ကိုဗစ်ကူးစက်မှုမြင့်တက်နေခြင်းကို ဖြေရှင်းနိုင်မယ့်နည်းလမ်းဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောကြားပါတယ်။

စားသောက်ဆိုင်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို အဓိကထားကြပ်မတ်ရမှာဖြစ်ပေမဲ့ အခုချိန်ထိ အပြည့်အ၀ မလုပ်ဆောင်နိုင်သေးကြောင်းလည်း ဆိုပါတယ်။

လက်ရှိအခြေအနေအတိုင်း ဆက်သွားနေပါက ထိုင်းနိုင်ငံရဲ့ ရောဂါကူးစက်မှုနှုန်းဟာ အင်ဒိုနီးရှားနိုင်ငံထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း Dr. Anan Jongkaewwattanaက ပြောပါတယ်။

Dr. Anan Jongkaewwattana ဟာ အမျိုးသား မျိုးဗီဇအင်ဂျင်နီယာနဲ့ ဇီဝဗေဒစင်တာ (the National Centre for Genetic Engineering and Biotechnology) ရဲ့ သုတေသနဌာနက ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။ နောက်လအနည်းငယ်အတွင်းမှာ တစ်ရက်ကို ကူးစက်ခံရသူပေါင်း နှစ်သောင်းလောက်အထိ ရှိလာနိုင်တယ်လို့လည်း သူကဆိုပါတယ်။

သို့သော်လည်း စီးပွားရေးလုပ်ငန်းအချို့ကတော့ နောက်ထပ် လော့ခ်ဒေါင်းထပ်ချတာကို သူတို့အနေနဲ့ ဆက်လက်သည်းခံနိုင်မှာမဟုတ်ဘူးလို့ ဆိုနေကြပြန်ပါတယ်။

အစိုးရအနေနဲ့လည်း ကာကွယ်ဆေးထိုးနှံပေးရေးလုပ်ငန်းမှာ တစ်လကို ၁၀ သန်း ထိုးပေးနိုင်မယ့် ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ မူလသတ်မှတ်ရည်မှန်းချက်ရဲ့ တစ်ဝက်ကျော်ကျော်လောက်ဖြစ်တဲ့ လူဦးရေ ၅သန်း-၆သန်းလောက်သာ ကာကွယ်ဆေး လစဉ်ထိုးပေးနိုင်သေးတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အစိုးရအနေနဲ့ ကာကွယ်ဆေး လုံလောက်အောင် အချိန်မီ မမှာယူနိုင်ခြင်းအပေါ်မှာလည်း ပြည်သူတွေက စိတ်ဆိုးဒေါသထွက်လျှက် ရှိနေကြပါတယ်။

ယခုအချိန်အထိ ထိုင်းပြည်သူ ၁၅ ရာခိုင်နှုန်းလောက်သာ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ထိုးနှံနိုင်သေးပြီး သူတို့အထဲက ၄.၃ ရာခိုင်နှုန်းလောက်သာ ကာကွယ်ဆေးနှစ်ကြိမ်စလုံး အပြည့်အ၀ ထိုးနှံရသေးတာ ဖြစ်ပါတယ်။

(BBC သတင်းကို ဘာသာပြန်ဆိုသည်)