ထားဝယ်တွင် နှာခေါင်းစည်းတစ်ထုပ်လျှင် ၁၈၀၀ကျပ်ဖြင့် စရောင်း

0
116

ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြု အထောက်အကူပြု အဖွဲ့ (ထားဝယ်ဒေသ) က နှာခေါင်းစည်းတစ်ထုပ်လျှင် ၁၈၀၀ ကျပ်ဖြင့် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အခုရေ ငါးဆယ်ပါနှာခေါင်းစည်းအထုပ်များကို ရောင်းချပေးနေခြင်းဖြစ်ပြီး ထားဝယ်မြို့ စာတိုက်လမ်းဆုံအနီးရှိ (ပုလဲဆေးခန်းအရှေ့) အထောက်အကူပြုရုံးတည်ရှိသည့်နေရာတွင် နံနက်ပိုင်းတွင် ရောင်းချပေးနေကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ယခင်က နှာခေါင်းစည်းကို လိုသလောက်ရောင်းချပေးရန် ရည်ရွယ်ခဲ့သည့် လက်ရှိတွင် မှာထားသည့် ပစ္စည်းအားလုံး မရောက်သေးသည့်အတွက် တစ်ဦးလျှင် ငါးထုပ်အထိသာ ရောင်းပေးနေကြောင်း ၎င်းက ပြောသည်။

“ပစ္စည်းကလည်း အားလုံးမရောက်သေးဘူး၊ ပစ္စည်းအားလုံးရောက်ရင်တော့ လိုသလောက်ရောင်းပေးမယ်ပေါ့နော်” ဟု အထက်ပါအတွင်းရေးမှူးအဖွဲ့ဝင်က ဆိုသည်။

လက်ရှိရောင်းချနေသည့် နှာခေါင်းစည်းတစ်ထုပ်၏ ဝယ်ရင်းဈေးမှာ ၁၇၅၀ ကျပ် ကျသင့်နေကြောင်း ၎င်းက ရှင်းပြသည်။

ပြင်ပဈေးကွက်တွင် နှာခေါင်းစည်းတစ်ထုပ်လျှင် ကျပ် ၂၀၀၀ ကျော်နှုန်းထားဖြင့် ရောင်းချနေကြသည်။

ပြီးခဲ့သည့် ကိုဗစ်ကပ်ဘေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပွားချိန်ကလည်း ဈေးကွက်အတွင်း နှားခေါင်းစည်းဈေးနှုန်း မြင့်တက်လာသည့်အတွက် အထက်ပါ အထောက်အကူပြုအဖွဲ့က ပြင်ပပေါက်ဈေးထက် နည်းသည့်နှုန်းထားဖြင့် ရောင်းချပေးခဲ့ဖူးသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ကိုဗစ်ကာကွယ်ရေးပစ္စည်း များဖြစ်သည့် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို ဈေးတင်ရောင်းချပါက အရေးယူမည်ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီး ဖောက်ဖျက်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထောင်ဒဏ်ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့်အပြင် ငါးသိန်းကျပ်ထပ် မပိုသည့် ငွေဒဏ်လည်း ချမှတ်နိုင်သည်။