သပိတ်အားကောင်းသည့် လောင်းလုံးတွင် အစစ်အဆေးကြမ်း

0
144

သပိတ်တိုက်ပွဲအားကောင်းသည့် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုရှိ နေအိမ်အချို့ကို ဇူလိုင်လ ၁၁ ရက် နံနက်စောစောအချိန်မှစပြီး စစ်သားများက အကြမ်းနည်းသုံးကာ ဝင်ရောက် စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

နံနက် ၄ နာရီခန့်က အောက်ရေဖြူဈေးတွင် ဈေးလာရောင်းသူများကို မောင်းထုတ်သဖြင့် ဈေးသည်များကြောက်လန့်ပြီး အိမ်ပြန်ပြေးလာရကြောင်း ၎င်းတို့ကပြောသည်။ ယင်းနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သည့် ရှေ့နေတစ်ဦးနေအိမ်၊ ကျောင်းဆရာမအိမ်၊ NLD ပါတီဝင်နေအိမ် စသည်ဖြင့် နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်းဆိုသည်။

“အိမ်ထောင်စုစာရင်း တောင်းကြည့်ပြီးတော့ အိမ်မှာရှိတဲ့လူတွေနဲ့ တိုက်စစ်တယ်လို့ပြောတယ်။ အိမ်မှာလဲ ဟိုရှာဒီရှာလုပ်လို့ ပစ္စည်းတွေကွဲတဲ့သူကွဲ ဖြစ်နေကြတယ်” ဟု ဒေသခံတစ်ဦး ပြောသည်။

လက်နက်ရှာဖွေသည်ဟုဆိုကာ ရှာဖွေနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ နေ့လယ် ၁၂ နာရီထိုးချိန်အထိ အောက်ရေဖြူကျေးရွာ သီရိမင်္ဂလာဘုန်းကြီးကျောင်းအနီးတွင် အင်အားအများအပြားဖြင့် လမ်းသွားလမ်းလာများအား လမ်းပိတ်စစ်ဆေးနေကြောင်း မျက်မြင်တွေ့သူ အမျိုးသမီးတစ်ဦးကပြောသည်။

သီရိမင်္ဂလာကျောင်းမှာ ထားဝယ် – ရှင်မော် အဓိကလမ်းမပေါ်တွင် တည်ရှိသည်။

“စစ်သားတွေကတော့ အများကြီးပဲ ရေတွက်လို့ကို မနိုင်ဘူး။ တစ်လမ်းလုံးအပြည့်ပဲ” ဟု ၎င်းကဆိုသည်။ လတ်တလောအခြေအနေအရ ဖမ်းဆီးခံရသူများ ရှိ၊ မရှိကို အတည်ပြုမေးမြန်းနိုင်ခြင်း မရှိသေးပေ။