ထားဝယ်တွင် နှာခေါင်းစည်းဈေးနှုန်း ရုတ်တရက်မြင့်တက်

0
462

ထားဝယ်မြို့တွင် ယခုအပတ်အတွင်း နှာခေါင်းစည်း Mask ဈေးနှုန်း ရုတ်တရက် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ယခင်က အခုရေ ငါးဆယ်ပါ နှာခေါင်းစည်းတစ်ဘူးလျှင် ကျပ်တစ်ထောင် ဝန်းကျင်သာပေါက်ဈေးရှိရာမှ လက်ရှိတွင် ကျပ်နှစ်ထောင်အထိ မြင့်တက်သွားသည်။

ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် လက်ရှိပေါက်ဈေးထက် ထပ်တက်ရန်ရှိသေးကြောင်း ထားဝယ်မြို့ရှိ ဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။

“အဓိက ကတော့ စီးပွားရေးသမားတွေကြောင့်ပါ။ သူတို့ဈေးကစားလို့ ဈေးကြီးလာတာ” ဟု ၎င်းက ပြောသည်။

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ကိုဗစ်ဖြစ်ပွားမှု တဖန်မြင့်တက်လာမှု နှင့်အတူ နှာခေါင်းစည်းဝယ်လိုအားများလာသဖြင့် ဈေးတက်သွားခြင်း ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်အချို့က ဆိုသည်။

“ရန်ကုန်မှာဆိုရင် ဒီမှာထက် ဈေးကြီးသေးတယ်။ ဒီနေ့ နှစ်ထောင်နဲ့ရရင် နောက်နေ့ ကျွန်မတို့ပြန်သွားဝယ်ရင်တောင်မှ နှစ်ထောင်နဲ့ရမှာ မဟုတ်တော့ဘူး” ဟု ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကဆိုသည်။

ထားဝယ်တွင်လည်း မတ်လကုန်မှစပြီး နှာခေါင်းစည်းဝယ်လိုအား မြင့်တက်လာပြီး ဆိုင်အချို့က အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသကဲ့သို့ ဆိုင်အချို့တွင် ပစ္စည်းပြတ်လပ်နေကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။