တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းပေါင်း သုံးရာကျော် မဖွင့်နိုင်သေး

0
125
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းပေါင်း သုံးရာကျော်မှာ ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းပေါင်း ၁၅၀၀ ကျော်ရှိသည့်အနက် ကျောင်းပေါင်းသုံးရာခုနှစ်ကျောင်းမှာ ဆရာ၊ ဆရာမ မရှိခြင်း၊ ကျောင်းလာအပ်သူမရှိခြင်းကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တပ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် CDM ပြုလုပ်သည့် ဆရာ၊ ဆရာမများနှင့် သားသမီးများကို ကျောင်းမထားသည့် မိဘများနှင့် ကျောင်းမတက်လိုသည့် ကျောင်းသူ၊ ကျောင်းသူများကြောင့် အထက်ပါကျောင်းများတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားမရှိခြင်းကြောင့် ကျောင်းမဖွင့်လှစ်နိုင်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“(ကျောင်းမဖွင့်နိုင်တာ) ထားဝယ်၊ လောင်းလုံးမှာ များတယ်” ဟု တာဝန်ရှိသူက ဆိုသည်။

ထားဝယ်တွင် ၇၈ ကျောင်း၊ လောင်းလုံးတွင် ၁၀၂ ကျောင်း၊ သရက်ချောင်းတွင် ၄၅ ကျောင်း၊ ရေဖြူတွင် ၂၁ ကျောင်းရှိပြီး မြိတ်ခရိုင်တွင် ၄၆ ကျောင်း၊ ကော့သောင်းခရိုင်တွင် ၁၅ ကျောင်းရှိသည်ဟု အထက်ပါဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် CDM ပြုလုပ်သည့် အခြေခံပညာ ဆရာ၊ ဆရာမ ၇၀၀၀ နီးပါးကို ရာထူးက အပြီးသတ်ထုတ်ပယ်ထားပြီး ဆရာ၊ ဆရာမလုပ်ရန် အသစ်လာလျှောက်ထားသူမှာ ငါးရာကျော်ရှိသည်ဟု အထက်ပါဌာနထံမှ သိရသည်။