အဖမ်းခံရသည့် ကံပေါက်ဒေသခံ နှစ်ဦးပြန်လွှတ်၊ သုံးဦး ထောင်ပို့

0
213
Dawei Watch, Dawei News, Dawei News Media

ဇွန်လ တတိယအပတ်က ဖမ်းဆီးခံလိုက်ရသည့် ရေဖြူမြို့နယ် ကံပေါက်ဒေသခံငါးဦးအနက် နှစ်ဦးကိုပြန်လွှတ်ပေးပြီး ကျန်သုံးဦးအား ထားဝယ်အကျဉ်ထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။

ကံပေါက်ကျေးရွာ ဗိုလ်ချုပ်ရပ်ကွက်နေ ကိုမြတ်သူရိန်အောင်(ခ) ရွှေအိုင်းသည် ဇွန်လ ၁၅ ရက်ညတွင်အဖမ်းခံခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ယင်းနောက် ရာဇသတ်ကြီး ဉပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲပြီး ထားဝယ်ထောင်သို့ပို့လိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ယင်းအပြင် မြသီတာရပ်ကွက်နေ ဦးညီညီလွင်နှင့် ကိုပြည့်စုံဖြိုးတို့ သားအဖနှစ်ဦး၊ ဗိုလ်ချုပ်ရပ်ကွက်နေ ဦးမင်းလွင်နှင့် သမီးဖြစ်သူ မခိုင်ဆုသွယ်(ခ) မဖွေးဖွေးတို့ သားအဖနှစ်ဦးတို့သည်လည်း ဇွန်လ ၂၀ ရက်တွင် အသီးသီးအဖမ်းခံလိုက်ရကြောင်း မိသာစုဝင်တို့က ပြောသည်။

ယင်းသို့အဖမ်းခံရပြီးနောက် ဦးညီညီလွင်နှင့် ဦးမင်းလွင်တို့အား ပြန်လွှတ်ပေးလိုက်ပြီး ကျန်နှစ်ဦးကိုမူ ထားဝယ်အကျဉ်ထောင်သို့ပို့လိုက်ကြောင်း ၎င်းတို့က ပြောကြားသည်။

၎င်းတို့သည် ဆန္ဒပြမှုများဖြစ်ပွားစေရန်နှင့် နိုင်ငံ့ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပူးပေါင်းလာစေရန် လှုံ့ဆော်အားပေးကူညီသည်ဟုဆိုကာ အဖမ်းခံရခြင်းဖြစ်ကြောင်း ၎င်းတို့မိသားစုဝင်များနှင့် ရပ်ကွက်နေပြည်သူအချို့က ပြောဆိုကြသည်။