ထားဝယ် ကနက်သီရိကျေးရွာ လက်ရှိ အခြေအနေ

0
239

ဇွန်လ ၁၁ ရက်က သရက်ချောင်းမြို့နယ် ကနက်သီရိရွာက ကားသမားတစ်ဦး ထားဝယ်ကနေ ရွာအပြန်တွင် ပေါက်တိုင်းတံတားမှာ ဖမ်းဆီးခံလိုက်ရသည်။ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် စစ်တပ်နှင့်ရဲများက ကနက်သီရိကျေးရွာအတွင်း တပ်လာစွဲလိုက်ပြီးနောက် ရွာသားများ ဆက်တိုက် ဖမ်းဆီးခံနေရသည်။

ယင်းအခြေအနေအား ကနက်သီရိဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်း ထားသည်ကို ဖော်ပြလိုက်ပါသည်။

“ကနက်သီရိကို မနေ့က (ဇွန်လ ၁၂) ညနေ ၅ နာရီကျော်လောက်မှာ ကားငယ်ငါးစီးနဲ့ ကားကြီး ၂ စီးရောက်လာတယ်။ စစ်ကားလဲပါတယ်။ မြို့နယ်မှူးကားလဲပါတယ်။

ဆင်းလာပြီးတာနဲ့ သူတို့တတွေက လမ်းဆုံလမ်းခွတွေမှာ ခွဲပြီးနေရာယူလိုက်တယ်။ ဘဲစားတန်းဆိုတဲ့နေရာဘက်မှာတော့ မော်ဖျားစာသင်ကျောင်းမှာ တပ်စွဲလိုက်တယ်။ နောက်ပြီးတော့ ပြည်တော်သာဆိပ်ကမ်းဘက်ဆင်းတဲ့ လမ်းဆုံမှာလဲ ဂိတ်ချထားတယ်။ ရွာထဲလမ်းဆုံမှာလဲ ဂိတ်ချပြီး တပ်စွဲထားလိုက်တယ်။

ဒီနေ့ (ဇွန်လ ၁၃) မှာတော့ ရွာထဲလမ်းဆုံက ဂိတ်ကို အရှေ့ကျောင်း (ကနက်သီရိအရှေ့ဘုန်းကြီးကျောင်း) ထဲကိုပြောင်းလိုက်ပြီ။ ရွာကိုဝင်တဲ့ ၂၈ ဆူမှာလဲ တပ်စွဲထားတာရှိတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ သူတို့တွေက ဘဲစားတန်းဘက်ကိုဆင်းပြီးတော့ တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်သလိုလိုက်စစ်တယ်။

အိမ်ထောင်စုစာရင်းကြည့်တယ်။ လူမေးတယ်။ အိမ်ခန်းတွေထဲလိုက်ရှာတယ်။ ယောက်ျားတွေကိုတွေ့ရင်ခေါ်သွားတယ်။ လမ်းမှာသူတို့ကိုတွေ့လို့ ကြောက်ပြီးပြေးတယ်ဆိုရင် သေနတ်ဖောက်ပြီးတော့ လိုက်ဖမ်းတယ်။ ဘဲစားတန်းမှာ ဖဲဝိုင်းကလူတွေ ထွက်ပြေးလို့ ကျန်ခဲ့တဲ့ ဆိုင်ကယ်တွေကိုယူတယ်။ အခုဆိုရင် ဆိုင်ကယ်သုံးဆယ်လောက်တောင်ရှိပြီ သူတို့ဖမ်းထားတာ။

သူတို့တပ်စွဲထားတဲ့ ဂိတ်တွေကိုလာတဲ့သူတွေကိုလဲစစ်တယ်။ Facebook တွေမှာစစ်တယ်။ လူမှာ တက်တူးတွေထိုးထားလားဆိုတာစစ်တယ်။ ဆိုင်ကယ်လိုင်စင်ရှိ၊ မရှိစစ်တယ်။

အဖမ်းခံနေရတဲ့သူတွေကတော့ လေးဆယ်လောက်တောင်ရှိနေပြီ။ ဖမ်းပြီးတော့ ၂၈ ဆူဘုရားဝင်းထဲကိုခေါ်သွားတယ်။ ပြီးရင်အချို့လူတွေကို ပြန်လွှတ်ပေးတယ်။

အဓိကကတော့ (တပ်ကောင်စီခန့်) အုပ်ချုပ်ရေးမှူးနဲ့ ဆိုင်တယ်။ သူပြောတဲ့အတိုင်းပဲ။ သူကမပေးနဲ့ဆိုမပေးရဘူး။

အခုချိန်( အင်တာဗျူးနေတဲ့ ဇွန်လ ၁၃ ရက် ‌ည နေ ၄ နာရီအချိန်) အထိတော့ ရွာထဲကလူတွေ တစ်ယောက်မှ အိမ်ထဲကနေအိမ်ပြင်မထွက်ရဲဘူး။ သူတို့ကိုထောက်ခံတဲ့သူတွေတော့ သွားနေကြတယ်။ ကျန်‌တဲ့သူတွေကတော့ ရှောင်နေရတယ်။ ပုန်းနေရတယ်။

သတင်းကြားရတာကတော့ တစ်ပတ်လောက် ဒီလိုတပ်စွဲထားပြီး စစ်ဆေးမယ်လို့ကြားထားရတယ်။ မှန်လား၊ မမှန်းလားတော့မသိသေးဘူးပေါ့နော်”

ပုံစာ- ကနက်သီရိကျေးရွာ၏ ဇွန်လ ၁၃ ရက်နေ့မြင်ကွင်းဖြစ်သည်