ထားဝယ်ခရိုင်ရှိ ရေလုပ်သားများကို ပုစွန်ဖမ်းပိုက် နှစ်ရာကျော်ထောက်ပံ့

0
145
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်အတွင်းရှိ ရေလုပ်သား ၂၆၁ ဦးအား ငွေကျပ်သုံးသောင်း တစ်ထောင်တန်ဖိုးရှိ ပုစွန်ဖမ်းပိုက် တစ်ဖုံစီအား သဘာဝဓာတ်ငွေ့ကုမ္ပဏီ တစ်ခုဖြစ်သော PTTEP ကုမ္ပဏီက ထောက်ပံ့ကြောင်း ထားဝယ်ခရိုင် ငါး လုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ယင်းကုမ္ပဏီ၏ ပင်လယ်ရေအောက်ဖြတ် ပိုက်လိုင်းကြောင့် ဒေသခံ ငါးဖမ်းပိုက်များ ဆုံးရှုံးရကြောင်း တိုင်ကြားမှုများ ပြီးခဲ့သည့်နှစ်ပိုင်းက ရှိခဲ့ပြီးနောက် ထိုသို့ လှူဒါန်းလာခြင်း ဖြစ်သည်။

ရေဖြူမြို့နယ်တွင် ၁၀၁ ခု၊ လောင်းလုံးမြို့နယ်တွင် ၈၉ ခု၊ သရက် ချောင်းမြို့နယ်တွင် ၆၀ ခု ဇန်နဝါရီလ အတွင်းက အသီးသီး ထောက်ပံ့ပေးခဲ့ ခြင်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း ကမ်းနီးရေလုပ်သားများ အခက်အခဲဖြစ်နေသည်ကို တစ်ဘက်တစ်လမ်းက ကူညီသည့်အနေဖြင့် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း PTTEP ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

PTTEP ကုမ္ပဏီက လုပ်ကိုင်နေသည့် ဇောတိကစီမံကိန်း၏ ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံ ကျေးရွာနှင့် ဖြူနတ်ကျေးရွာရှိ ဒေသခံ ရေလုပ်သားများ၏ ငါးဖမ်းပိုက်များငြိကာ ဆုံးရှုံးမှုများနှစ်စဉ် ကြုံတွေ့နေရကြောင်း ဒေသခံ အချို့က တိုင်းဒေသကြီးအစိုးရထံ ၂၀၁၉ ခုနှစ် မတ်လက တိုင်ကြားခဲ့ဖူးသည်။

ရန်နိုင်ထွန်း