ရနောင်းရောက် မြန်မာများ ဆန္ဒပြပြီးနောက် မြန်မာသို့ ပြန်ပို့

0
142
Dawei Watch, Dawei News, Dawei News Media

ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် နှစ်ဝက်ကျော်အကြာ ထိန်းသိမ်းခံနေရသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့ နေရပ်ပြန် ပို့ရန် ဆန္ဒပြပြီးနောက် ဇန်နဝါရီ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်သည်။

အထိန်းသိမ်းခံ မြန်မာတို့ ဇန်နဝါရီလ ၂၅ ရက်နေ့က အချုပ်တံခါးအား ကန်ဖွင့်ပြီး နေရပ်သို့ အမြန်ဆုံးပြန်ပို့ ပေးရန် ‌ဆန္ဒပြ တောင်းဆိုခဲ့ကြပြီးဖြစ်သည်။

ယင်းနောက် မြန်မာသံရုံးတာဝန် ရှိသူတို့ လာရောက်ဖြေရှင်းခဲ့ပြီး ဇန်နဝါရီ လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ လုပ်သား ၁၅၀ ကျော်အား ကော့သောင်း နယ်စပ်သို့ ပြန်လည်‌ပို့ဆောင်ပေးနေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။

]]အားလုံး အောက်ဆင်းလာပြီ။ ဖုန်းပေးသူကပေးနေတယ်။ ယူတဲ့သူက ယူနေကြတယ်}}ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားဖြစ်သူ မြိတ်ခရိုင် တနင်္သာရီ မြို့နယ်နေသူ ဦးယုနိုင်က ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ပြောကြားသည်။

မြန်မာများအား ကော့သောင်း ဘက်သို့ပြန်မပို့မီ သိမ်းဆည်းထားသည့် ဖုန်းများအား ပြန်လည် ထုတ်ပေးခြင်းဖြစ်သည်။

ရနောင်း လဝကရုံး ငါးထပ် အဆောက်အအုံတွင် ထိန်းသိမ်းထားစဉ် တစ်ခန်းတစ်ခန်းလျှင် လူ ၄၀ ဦးမှ ၆၀ ဦးအထိ နေထိုင်ရပြီး အခန်းတွင်းမှ အပြင်သို့ထွက်ခွာခွင့်မပြုခြင်း၊ လက်ကိုင်ဖုန်းကိုင်ခွင့်မပြုခြင်း၊ ဖုန်းအသုံးပြုပါက သိမ်းဆည်းခြင်းနှင့် မိသားစုဝင် တို့မှ လာရောက်တွေ့ဆုံပါက ဘတ်ငွေ တစ်ရာပေးပြီး အချိန်ငါးမိနစ်ခန့် တွေ့ ခွင့်ပေးခြင်း စသည့် အခက်အခဲနဲ့ ကြုံ တွေ့ခဲ့ရကြောင်း ဦးယုနိုင်က ပြောပြသည်။

ရွှေ့ပြောင်းအလုပ်သမားတို့အား ထိုင်းဘက်မှ လွှဲပေးရန်အသင့်ဖြစ်နေပြီး မြန်မာဘက်မှ လက်ခံရန်အသင့်မဖြစ် သေးသဖြင့် အချိန်ကာလကြာသည် အထိ ထိန်းသိမ်းခံနေရခြင်းဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ကော့သောင်းရုံး တာဝန်ခံ ဦးမိုးဝေက ပြောပြသည်။

ကိုဗစ်ကပ်ဘေးအတွင်း အခက်အခဲ အတားအဆီး အချို့ကြောင့် မြန်မာအလုပ်သမားများ ထိန်းသိမ်းခံနေရပြီး မြန်မာဘက်သို့ လွှဲပြောင်းရာတွင် လူဦးရေအသုတ်လိုက် နှစ်နိုင်ငံ တာဝန်ရှိသူတို့ ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) ကော့သောင်းရုံးမှ သိရသည်။

လက်ရှိတွင် ပြန်လည်လွှဲပြောင်း‌ခဲ့သည့် မြန်မာ ၁၅၀ ဦးမှာ တနင်္သာရီ တိုင်းဒေသကြီးအတွင်း နေသူများဖြစ်ကြပြီး မြိတ်နှင့် ထားဝယ်ခရိုင်နေသူတို့မှာ မြိတ်ရှိ ကိုဗစ်စောင့်ကြည့်ရေး စခန်းတွင် ၁၄ ရက်အကြာနေထိုင်ရ မည်ဖြစ်သည်။