လယ်သမားတစ်ဦး မိုးကြိုးထိမှန် သေဆုံး

0
142
Dawei Watch, Dawei News, Dawei News Media

ဆောင်းရာသီဖြစ်သော်လည်း ရုတ်တရက်မိုးများရွာပြီး မိုးကြိုးများ ပစ်ခတ်မှုကြောင့် လယ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့ ထံမှသိရသည်။

ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာ အုပ်စု၊ ပဲယာကျေးရွာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ရုတ်တရက်မိုးများရွာကာ မိုးကြိုးများ ပစ်ခတ်ခဲ့ခြင်းကြောင့် ယင်း ကျေးရွာသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူသည် အသက် ၂၇ နှစ်ရှိ သင်္ချာ တတိယနှစ် တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်ပြီး လယ်ကွင်းအတွင်း စပါးရိတ်နေရာမှ မိုးများရွာလာသည့်အတွက် လယ်တဲအတွင်း ဝင်ရောက်စဉ် ပစ်ခတ်ခြင်း ခံခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ကနဦးစစ်ဆေးချက်အရ သေဆုံး သူ၏ ရင်ဘတ်၊ လက်မောင်းနှင့် ခြေသလုံးရှိ အရေပြားတို့တွင် မီးလောင်ဒဏ်ရာများ တွေ့ရှိရကြောင်း အထက်ပါမှတ်တမ်းအရ သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို သဇင်နယ်မြေရဲစခန်းမှတစ်ဆင့် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ထပ်မံ စစ်ဆေးခြင်းများ ပြုလုပ်ကာဆောင်ရွက်ထားကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့နှင့် နောက်တစ်နေ့တွင်လည်း မြိတ်နှင့် အနီးအနားတစ်ဝိုက်တွင် မိုးများရွာသွန်းခဲ့သည်။

ပုံမှန် ဒီဇင်ဘာလတွင် မြိတ်၌ မိုးရွာသွန်းလေ့မရှိသည့်အတွက် ယင်းနေ့တွင် လူတချို့က ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကာ လူမှုကွန်ရက်ပေါ် တင်ခဲ့ကြသေးသည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိရန် သဇင်နယ်မြေရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရခဲ့ပေ။

ကိုဆန်း