စိုက်ပျိုးရေးနှင့် သောက်သုံးရေကိစ္စအတွက် ကျပ်သန်း ၃၀ဝ၀ နီးပါး သုံးမည်

0
183
Dawei Watch, Dawei News, Dawei News Media

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနက လုပ်ငန်း ၄၄ ခု အတွက် ကျပ်သန်း ၃၀ဝ၀ နီးပါး သုံးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

စိုက်ပျိုးရေရရှိရေးလုပ်ငန်းများအတွက် ရေထိန်းတံခါးအသစ် ခြောက်ခု တည်ဆောက်ရန် ကျပ် ၇၀၅ သန်း၊ သောက်သုံးရေရရှိရေးလုပ်ငန်းတွင် ရေဝေတိုင်များတပ်ဆင်ခြင်းလုပ်ငန်း တစ်ခုအတွက် ကျပ် ၂၁ သန်း သုံးမည်ဖြစ်ကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

ထို့အပြင် ရေဘေးကာကွယ်ရေး လုပ်ငန်းတွင် တာတမံပြုပြင်ခြင်းလုပ်ငန်း ၂၆ ခု အတွက် ကျပ် ၁၇၆၃ သန်း၊ ချောင်းကောတူးဖော်ခြင်းလုပ်ငန်း ၁၁ ခုအတွက် ကျပ် ၃၈၀ သန်းနှင့် အခြား ဆက်စပ်လုပ်ငန်းများ ပါဝင်သည်။

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ(ငွေလုံး)ဖြင့် လုပ်ငန်း ၄၄ ခုအတွက် ကျပ် ၂၈၆၉ သန်း သုံးမည်ဖြစ်သည်။

စိုက်ပျိုးမြေအတွင်း‌ ရေငန်ဝင်ရောက်မှုကို ကာကွယ်ရန်အတွက် ရေငန်တား တာတမံနှင့် ရေထိန်းတံခါးများ အသစ်တည်ဆောက်ခြင်း၊ အဟောင်းပြုပြင်ခြင်း၊ စိုက်ပျိုးရေရရှိရေးအတွက် ရေထိန်းတံခါးများ အသစ်တည်ဆောက်ခြင်းနှင့် အဟောင်းပြုပြင်ခြင်းလုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် လုပ်ဆောင် ပေးသည်ဟု အထက်ပါဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က ပြောသည်။

ယင်းအပြင် သောက်သုံးရေရရှိရေးအတွက် ချောင်းနှင့် မြောင်းများရှိ ရေများကို ထိန်းသိမ်းပေးပြီး စိမ့်ရေတွင်းတူး ဖော်ခြင်းနှင့် စမ်းရေသွယ်တန်းခြင်း စသည့် လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးသည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ ဝန်ထမ်းတွေကတော့ ဒေသတွေမှာ တကယ်တမ်းလုပ်ပေးဖို့ လိုတဲ့ချောင်းတွေမြောင်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ရော တိုင်ပင်ပြီးတော့ ရန်ပုံငွေတောင်းခံပြီးတော့ အကောင်အထည်ဖော်ပေးနေတယ် ပေါ့နော်” ဟု ဦးကျော်ကျော်အောင်က ဆိုသည်။

အဆိုပါလုပ်ငန်းများအတွက် တင်ဒါ ခေါ်ယူထားသည်ဟု ၎င်းက ပြောသည်။

မိုးမြင့်