ချဲဒိုင်၊ ဘောလုံးပွဲဒိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူး သတင်းပေးရန်တာဝန်ရှိဟု

0
401

မိမိရပ်ရွာအတွင်း ချဲဒိုင်၊ ဘောလုံးပွဲဒိုင်များရှိနေပါက ပြည်သူများသတင်း ပေးကြရန်နှင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးကလည်း ရဲတပ်ဖွဲ့ထံ သတင်းပေးရန် တာဝန်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြား သည်။

လောင်းကစားဒိုင်နှင့် ပတ်သက်၍ ပြည်သူများ သတင်းပေးလာပါက အဆိုပါ လောင်းကစားဒိုင်ကို ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ တစ်နှစ်တာလုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သတင်းပေးတာ မရှိဘဲနဲ့တော့ ကျွန်တော်တို့လည်း နတ်မျက်စိမဟုတ်တဲ့ အတွက်တော့ သတင်းမသိနိုင်ပါဘူး။ သတင်းပေးလျက်နဲ့ အရေးမယူပေးဘူး၊ သတင်းပေးလျက်သားနဲ့မှ ကျွန်တော်တို့ အပိုင်းက မဆောင်ရွက်ပေးဘူးဆိုရင် ကျွန်တော်တို့မှာ လုံးလုံး တာဝန်ရှိသွား မှာ ဖြစ်ပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အလွဲသုံးစားလုပ်သည့် ဝန်ထမ်းကိုလည်း ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးယန္တရားတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အဓိကကျသည့်အတွက် မိမိရပ်ရွာအတွင်း လောင်းကစားဝိုင်းရှိ/ မရှိကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးကသိကြောင်း လုံနယ်ဝန်ကြီးဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် လက်ထက်ကလည်း လောင်းကစားဒိုင်စာရင်းများပေးပို့ကြရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ပြောဆိုခဲ့ဖူးသည်။

သို့ရာတွင် ထိရောက်သည့် လုပ်ဆောင်မှုမျိုးကို မတွေ့ခဲ့ရပေ။

ထားဝယ်မြို့ပေါ်တွင်ပင် ချဲဒိုင်၊ ဘောလုံးပွဲဒိုင်စသည့် လောင်းကစားဒိုင်များ ရှိနေဆဲဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

လောင်းကစားဒိုင်များကို ထိန်းချုပ်နိုင်ရန် အုပ်ချူပ်ရေးမှူးဥပဒေပါ ပြဋ္ဌာန်းချက်များကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် အလုပ်လုပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“လုံးဝကင်းစင်အောင်လုပ်မယ် ဆိုရင် ဒေသန္တရအစိုးရကနေ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပြီး ထုတ်ပြန်မယ်ဆိုရင်တော့ ပိုထိရောက်လာမယ်လို့ ယူဆတယ် ” ဟု ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

ထို့အပြင် လောင်းကစားဒိုင်ကြီး အချို့က သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းကိစ္စများတွင်ပါ ဝင်ရောက်စွက်ဖက်သည့် သဘောမျိုး လုပ်ဆောင်နေသည်ကို တွေ့နေရသည်ဟု အထက်ပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။

အထက်ပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြောဆိုသလိုပင် လက်ရှိထားဝယ်မြို့ပေါ်တွင် ဘောလုံးပွဲ၊ နှစ်လုံး၊ သုံးလုံး အစရှိသည့် လောင်းကစားဒိုင် ၄ ခုထက် မနည်းရှိပြီး ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ပေါ်ပေါ်တင်တင် လုပ်ကိုင်နေကြသည်။

ထိုကြောင့် လောင်းကစားဒိုင်နှင့် ပတ်သက်ပြီး သတင်းပို့ရန်ညွှန်ကြားထား ပြီးဖြစ်ကာ သတင်းပို့ရန်ပျက်ကွက်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အရေးယူမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။

“ကျွန်တော်တို့စစ်လို့ပေါ်လာရင်တော့ သတိပေးမှတ်တမ်းပေါ့။ နောက်ဒုတိယအကြိမ် တတိယအကြိမ်ဆိုရင်တော့ အရေးယူရမှာပေါ့လေ” ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ထားဝယ်ခရိုင်တွင် လောင်းကစားမှု ၉ မှု၊ မြိတ်ခရိုင်တွင် ၅ မှုနှင့် ကော့သောင်း ခရိုင်တွင် ၆ မှု အရေးယူထားကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံမှ သိရသည်။