စာပုံမှန် ဖတ်သင့်တဲ့ အချက် ၁၀ ချက်

0
1296

လက်ကိုင်ဖုန်းတွေက စွယ်စုံသုံး ဖြစ်လာတယ်။ Facebook ဟာ တစ်ချိန်လုံး ပွတ်နေရအောင်အထိ တခါခါ စွဲလမ်း လာတယ်။

လူအများက စာဖတ်အားကျတယ်၊ စာတွေ သိပ်မဖတ်ကြတော့ဘူးလို့ ပြောကြတယ်။ အဲဒီမှာ ကိုယ်လည်းပါနေပြီ ဆိုရင်တော့ နည်းနည်းပြဿနာ ရှိနေပါပြီ။ ဘာလို့လဲဆိုတော့ စာဖတ်ခြင်းကနေ အကျိုးကျေးဇူး ပြောမကုန်အောင် ရနိုင်လို့ပါ။

အဲဒီကမှ ၁၀ ချက်ကို ရွေးနုတ် တင်ဆက်လိုက်ပါတယ်။

၁) စိတ်ကို လှုံဆော်ပေးနိုင်
လေ့လာတွေ့ရှိချက်တွေအရ စိတ်ကို အမြဲတမ်း တက်ကြွနေအောင် လှုံ့ဆော်ပေးခြင်းအားဖြင့် အရွယ်မတိုင်မီ မှတ်ဉာဏ်ချို့ယွင်းတာ၊ ဦးနှောက်ထိခိုက်တာတွေကို နှေးကွေးစေနိုင်တယ်။ ကာကွယ်ပေးစေနိုင်တယ်လို့ ဆိုပါတယ်။ ဦးနှောက်ကို အမြဲအလုပ်ပေးနေတာ၊ တက်တက် ကြွကြွ ဖြစ်စေခြင်းအားဖြင့် စွမ်းအင်တွေ ကုန်ခမ်းခြင်းကနေ ကာကွယ်ပေးပါတယ်။

ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေ နည်းတူပဲ ဦးနှောက်ဟာ အမြဲသန်စွမ်း ကျန်းမာနေဖို့ လေ့ကျင့်ခန်း လိုပါတယ်။ မသုံးဖြစ်ရင် ဆုံးသွားလိမ့်မယ်ဆိုပြီးတော့တောင် ပြောကြပါတယ်။ ပဟေဠိတွေ ကစားတာ၊ စစ်တုရင် ထိုးတာမျိုးတွေက ဦးနှောက်လှုံ့ဆော်ပေးဖို့ အထောက်အကူ ပေးနိုင်ပါတယ်။ စာဖတ်ခြင်းကလည်း ဦးနှောက်ကို အမျိုးမျိုးအလုပ်ပေးနိုင်တဲ့ နည်းတစ်မျိုးပါ။

၂) စိတ်ဖိစီးမှု လျော့ကျစေနိုင်
အလုပ်မှာ ဘယ်လောက် အလုပ်ဖိ စီးမှုများများ၊ ကိုယ်ပိုင်ဘဝမှာ ဘယ်လောက် အရေးအရာတွေနဲ့ ရှုပ်နေပါစေ တစ်ခုခုကို ပျော်ဝင်ဖတ်ရှုနေလိုက်ပြီဆိုရင် မေ့သွားတော့တာပါပဲ။ အတော့်ကို လှလှပပ ခြယ်မှုန်းထားတဲ့ ဝတ္ထုတစ်ပုဒ်ဟာဆိုရင် စာဖတ်သူကို အခြားကမ္ဘာ တစ်ခုကို သယ်ဆောင်သွားပေးနိုင်ပါတယ်။ ဒီနည်းနဲ့ ဦးနှောက်မှာရှိတဲ့ တင်းအားတွေကို လျော့ပေး၊ စိတ်ဖိစီးမှုကို လျှော့ချပေး နိုင်ပါတယ်။

၃) ဗဟုသုတ
ဒါကတော့ ပြောစရာ မလိုတော့ပါဘူး။ စာဖတ်များများလေလေ အသိကြွယ်လေလေ ကိုယ့်ဘဝကို ရင်ဆိုင်ဖို့ လက်နက်တွေ ပိုရလေလေပါပဲ။

ပညာရွှေအိုး လူမခိုးဆိုတဲ့ ဆိုရိုးတောင် ရှိပါတယ်။ ကိုယ့် အလုပ်ပြုတ်ရင် ပြုတ်သွားမယ်၊ ငွေတွေ ဆုံးပါးသွားရင်သွားမယ်။ ကိုယ့်မှာရှိတဲ့ အသိဉာဏ် ပညာကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ကျန်းမာနေ သရွေ့ပေါ့။

၄) စကားကြွယ်လာနိုင်
ပိုဖတ်လေလေ၊ စကားလုံး အသစ်တွေ ရလေလေ၊ စကားကြွယ်လေလေ ပါပဲ။
ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်ခြင်းဟာ ကိုယ့်ဘဝမှာ အောင်မြင်ဖို့ အရေးကြီးတဲ့ အတတ်တွေထဲမှာ ပါပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ပြောတတ်ဆိုတတ်ဖို့ကလည်း အရေးပါပါတယ်။ အခြားသူတွေထက် ကောင်းကောင်း ဖတ်နိုင်စွမ်း၊ ပြောဆိုနိုင်စွမ်း၊ အသိကြွယ်မှုတွေဟာ ကိုယ့်ဘဝ ဘယ်နေရာမှာဖြစ်ဖြစ် တက်လမ်းဖြစ်ဖို့ အရမ်းအထောက်အကူပြုပါတယ်။

နောက်ပြီးတော့ ကိုယ့်မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာတစ်မျိုးမျိုးကို လေ့လာဖြစ်တယ်ဆိုရင် ဘာသာစကား အသစ်ကနေ မတူကွဲပြားတဲ့ သင်ယူမှုတွေ ရနိုင်ပါတယ်။

၅) မှတ်ဉာဏ် ကောင်းလာစေနိုင်
တကယ်လို့ စာအုပ်တစ်အုပ်ဖတ်တဲ့ အချိန်ကျလို့ ရှိရင် ဇာတ်ကောင်တွေရဲ့ အမျိုးမျိုးသော ပုံစံတွေကို မှတ်မိဖို့ လိုမယ်။ သူတို့ရဲ့ နောက်ခံသမိုင်း၊ ရည်မှန်းချက်၊ ဇာတ်ကွက်တွေ၊ ဇာတ်လမ်း အလှည့်အပြောင်းတွေကို မှတ်မိဖို့ လိုမယ်။ အားလုံးအသေးစိတ်ကို မှတ်မိချင်မှတော့ မှတ်မိမယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ဇာတ်ကြောင်းအလိုက် ဆက်စပ်မှတ်မိတာ၊ စုဖွဲ့မှတ်ထားတာတော့ ရှိတယ်။

အဲဒီလိုနည်းနဲ့ ဦးနှောက်အာရုံကြော အမြွှာဆုံတွေ တိုးတက်လာတယ်။ ဦးနှောက်အတွေးအကြံအသစ်တွေ တိုးတက်လာပါတယ်။ နဂိုရှိပြီးသားကိုလည်း အားကောင်းစေနိုင်တယ်။

၆) ဆင်ခြင်တွေးခေါ်နိုင်စွမ်း ကောင်းလာ
ဆွံ့ပျံ့အံ့သြဖွယ်ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်၊ ပြီးတော့ စာအုပ်ဇာတ်သိမ်းကို ကိုယ့်ဘာသာကိုယ် မှန်းဆတွက်ချက်တာမျိုး လုပ်ဖူးကြလား။ အဲဒါဆိုရင်တော့ စာဖတ်သူရဲ့ သုံးသပ်တွေး ခေါ်နိုင်စွမ်းကို လက်တွေ့ဘဝမှာ အသုံးချနိုင်နေပြီလို့တောင် ပြောနိုင်တယ်။


စာအုပ်တွေဟာ တကယ့်ဘဝထဲက အရာတွေ၊ ဇာတ်ကောင်တွေကို ခြယ်မှုန်းထားတာမို့ အဲဒါတွေကို ဆန်းစစ်ဝေဖန်တာ၊ သုံးသပ်ဆင်ခြင်တာတွေ လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းတက်စေပြီး ဘဝစိန်ခေါ်မှုတွေအတွက် အသုံးတည့်ပါတယ်။
စာအုပ်အကြောင်းသူများနဲ့ ပြောဆိုရာမှာလည်း ပိုပြီး အဆင့်မြင့်မြင့်နဲ့ ပြောဆိုနိုင်ပါတယ်။

၇) ဦးတည်ချက် ပိုပြတ်သားစေနိုင်
အခုခေတ်လိုမျိုး လုပ်စရာ၊ ကြည့်စရာများပြားလှတဲ့ ခေတ်ကြီးမှာ ငါးမိနစ် အတောအတွင်းလေးအတွင်းမှာ အီးမေးလ် စစ်တာ၊ အွန်လိုင်းကနေ စကားလှမ်း ပြောတာ၊ ဖုန်းကြည့်တာ၊ Facebook သုံးတာတွေ မြန်မြန်ဆန်ဆန် လုပ်တဲ့အလေ့ ရှိလာပါတယ်။ အဲဒီမှာ လူတွေရဲ့ အာရုံစူးစိုက်မှုနှုန်း ကျဆင်းပြီး တစ်ခုခုကို အချိန်ကြာကြာစူးစိုက် မလုပ်နိုင်တော့ပါဘူး။

ဒါပေမဲ့ စာအုပ်တစ်အုပ်ကို ဖတ်မိပြီဆိုရင် ကိုယ့်ဦးတည်ချက်က အဲဒီဇာတ်ကြောင်းအပေါ်မှာ ရောက်သွားပြီး ကျန်တဲ့လောကကို မေ့သွားစေပါတယ်။ ကိုယ့်လောကလေးထဲမှာ ပျော်ဝင်သွား စေပါတယ်။

ဒါကြောင့်မို့ အလုပ်မသွားခင် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် စာဖတ်တာမျိုး စမ်းပြီး လေ့ကျင့်ကြည့်မယ်ဆိုရင် အလုပ်ကိုရောက်ရင် အာရုံစူးစိုက်နိုင်မှု ဘယ်လောက်တက်လာလဲဆိုတာ သိနိုင်ပါတယ်။

၈) စာရေးပိုကောင်းလာနိုင်
စာကောင်းပေညွန့်တွေကို ဖတ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်း ပိုတက်လာစေတယ်။ အခြားသူတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ပိုပြီးချော့မွေ့လာစေတယ်။ နောက်ဆုံး ကိုယ်ကိုယ်တိုင်က စာရေးကောင်းသူဖြစ်လာတယ်။

စာရေးသူတွေဟာ အခြားသူတွေကို လွှမ်းမိုးနိုင်တယ်။ ဒီလိုပဲ တေးဂီတပညာ ရှင်တွေဟာ အခြားသူတွေရဲ့ အတွေးအခေါ် တွေကို လွှမ်းမိုးနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဟာ စာရေးကောင်းသူ၊ ဖန်တီးအားကောင်းသူ တစ်ယောက်ဖြစ်လာပြီဆို သူများအပေါ် လွှမ်းမိုးနိုင်လာတယ်။ အကူအညီတွေလည်း ပေးလာနိုင်ပါတယ်။

၉) ငြိမ်းချမ်းတယ်
တကယ်လို့သာ ကိုယ့်မှာ စာအုပ်ကောင်း တစ်အုပ်ရှိပြီဆိုရင် ကျန်တာအားလုံးမေ့ပြီး ငြိမ့်နေလို့ရပြီ။ ကိုယ်တွင်း ငြိမ်းချမ်းမှု၊ ငြိမ်းအေးမှုကို ရနိုင်ပြီ။ စိတ်ပိုင်းဆိုင်ရာ ခွန်အားရစေတဲ့ စာတွေဖတ်ရင် သွေးတိုးရောဂါကျစေတယ်။ စိတ်တည်ငြိမ်မှုကို ရစေတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ရောဂါတွေကလည်း ကင်းစေပါတယ်။

၁၀) အခမဲ့ ဖျော်ဖြေရေး
အမြဲပဲ ကိုယ်ဖတ်ဖို့ စာအုပ်ဝယ်ရမယ်ဆိုရင်တော့ အကုန်အကျများနိုင်ပါတယ်။ ဒါပေမဲ့ အကုန်အကျနည်းနည်းနဲ့ အပန်းဖြေစာဖတ်ချင်တယ်ဆိုရင်တော့ စာကြည့်တိုက်တွေ ရှိတယ်။ နည်းနည်းပဲ ကျန်တော့ပေမဲ့ အခုဆိုရင် စာအုပ်အငှားဆိုင်တွေလည်း ရှိနေပါသေးတယ်။

ကိုယ်တိုင်ဝယ်ဖတ်ရမယ်ဆို အမြဲမလွယ်ပေမဲ့ စာကြည့်တိုက်၊ စာအုပ်အငှားဆိုင်တွေကနေဆိုရင်တော့ ဈေးသက်သက်သာသာနဲ့ ဖတ်နိုင်ပါတယ်။

နောက်ပြီး ရှာတတ်ဖွေတတ်ရင် အွန်လိုင်းမှာလည်း စာအုပ်တွေ အခမဲ့ရ နိုင်ပါသေးတယ်။
ကဲ . . . အချိန်ရှိတုန်း၊ အရွယ်ရှိတုန်း စာမဖတ်ဖြစ်လို့ ဘဝမှာ နောင်တ မရစေနဲ့နော်။ စာဖတ်ခြင်းဟာ ဘဝကို ပြောင်းစေနိုင်ပါတယ်။

Ref: https://www.lifehack.org/articles/lifestyle/10-benefits-reading-why-you-should-read-everyday.html