မွန်အမျိုးသားကျောင်းအချို့ ဖွင့်လှစ်

0
527

ရေးချောင်းဖျား၊ ရေဖြူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီအုပ်ချုပ်သည့်ဒေသတွင် ကိုဗစ်ရောဂါကူးစက်မှု အခြေအနေ ငြိမ်သက်နေသည့်အတွက် မွန်အမျိုးသားကျောင်း ၃၀ ကျော် ဖွင့်လှစ်ထားကြောင်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) မှ သိရသည်။

အထက်တန်းကျောင်းများကို ဇွန်လ ၁၅ ရက်နေ့က စဖွင့်ခဲ့ပြီး မူလတန်းနှင့် အလယ်တန်းများကိုလည်း ဖြည်းဖြည်းချင်း ဖွင့်လှစ်ခဲ့ကြောင်း မွန်အမျိုးသား ပညာရေးကော်မတီတာဝန်ခံ မင်းအောင်ဇေက ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသား ၁၀ဝ၀ဝ ကျော်နှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားသည့် မွန်စာပေသင်ကျောင်း ၉၂ ကျောင်းရှိကာ ကျောင်းသားဦးရေ ၁၄၀ဝ၀ ကျော်ရှိကာ ကျောင်းဆရာ ဆရာမ ၇၈၀ ခန့်တို့ဖြင့် ပညာသင်ကြားလျက်ရှိသည်ဟု မွန်အမျိုးသားပညာရေးကော်မတီမှ မိကရက်နွန်က ပြောသည်။

ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား

“စာတော့ နည်းနည်းသင်နေတာ ပေါ့လေ။ ဒီနှစ်က ကျောင်းသားတွေလည်း တိုးလာတာ ရှိတယ်။ တစ်ယောက် နဲ့ တစ်ယောက် social distancing (ခပ်ခွာခွာ) လုပ်ရတော့ နေရာအခက်အခဲတော့ ရှိတယ်” ဟု ညီစား မွန်အမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ်က ပြောသည်။

အစိုးရအုပ်ချုပ်ဒေသရှိ မွန်အမျိုးသားကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်ဖွင့်လှစ်ထားသည့် မွန်အမျိုသားကျောင်းများကိုမူ အစိုးရကျောင်းနှင့်အတူ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောအနေဖြင့် အတန်းခွဲပြီး အသုတ်လိုက် တစ်နေ့လျှင် စာသင်ချိန် ၂ နာရီ၊ ၃ နာရီ သင်ကြားမှုပုံစံဖြင့် သင်ကြားနေသည်ဟု မွန်အမျိုးသားပညာရေးကော်မတီက ပြောသည်။

မွန်အမျိုးသားကျောင်းများအတွက် အလှူရှင်အဖွဲ့အစည်းတစ်ခုမှ ကူးစက်ရောဂါကာကွယ်ပစ္စည်းအချို့ ထောက်ပံ့ထားသော်လည်း နှာခေါင်းစည်းနှင့် အပူချိန်တိုင်းကိရိယာများ လိုအပ်နေသေးကြောင်း အထက်ပါကော်မတီမှ သိရသည်။

ယဉ်စနိုင်း