တနင်္သာရီတိုင်း စည်ပင်သာယာရေး ဥပဒေ ပြန်ပြင်မည်

0
426

တနင်္သာရီတိုင်း စည်ပင်သာယာရေးဥပဒေကို ယခုလွှတ်တော် သက်တမ်းအတွင်း ဒုတိယအကြိမ် ပြန်ပြင်ဆင် နိုင်ရန် ပထမအဆင့်ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။

လက်ရှိအသုံးပြုနေသော တနင်္သာရီတိုင်း စည်ပင်သာယာရေးဥပဒေသည် ၂၀၁၃ ခုနှစ်က ရေးဆွဲထားသည်ကို အခြေခံပြီး ၂၀၁၇ ခုနှစ်တွင် တိုင်းလွှတ်တော်က ပထမအကြိမ်ပြင်ဆင် ထားသည့် ဥပဒေဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအစပိုင်း ဥပဒေပြုရေး တိုင်းလွှတ်တော်အမတ်များ အတွေ့အကြုံနည်းသည့်အချိန်တွင် ပြင်ဆင်ခဲ့သည့် ဥပဒေဖြစ်သောကြောင့် အားနည်းချက်များရှိခဲ့ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

ဥပဒေပြုရေး အတွေ့အကြုံရှိလာပြီးနောက် ပြန်လည်သုံးသပ်ရာတွင် အဆိုပါ ဥပဒေတွင် အားနည်းချက်များရှိနေသည်ကို တွေ့ရသဖြင့် ပြန်ပြင်ဆင်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။

ပြန်ပြင်မည့် ဥပဒေတွင် အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရေးကိစ္စ၊ မြို့ပြမြေယာဖော်ထုတ်ရေးကိစ္စများပါဝင်ကြောင်း ဦးခင်မောင်အေးက အကြမ်းဖျင်းမျှသာ ထုတ်ဖော်ပြောဆို ထားသည်။

“အဓိကကတော့ အထပ်မြင့် အဆောက်အဦကိစ္စတွေအတွက် ပိုပြင်ရမယ်။ အထပ်မြင့်အဆောက်အဦမှာ သုံးထပ်ပဲ ပေးထားတယ်။ အခုက ဖွံ့ဖြိုး လာတော့ သုံးထပ်နဲ့ မကတော့ဘူး။ အနည်းဆုံး ခြောက်ထပ်၊ ခုနစ်ထပ်လောက် လိုလာတယ်။ ဆိုတော့ ဒီခြောက်ထပ်၊ ခုနစ်ထပ်လောက်ကို စည်ပင်က ခွင့်ပြုချက်ပေးလို့ရအောင် ပြင်ဖို့လိုလာတယ်” ဟု ဦးခင်မောင်အေးက ပြောသည်။

မြို့နယ်အလိုက်ဖွဲ့စည်းထားသော စည်ပင်သာယာရေး ကော်မတီများနှင့် တစ်ဖွဲ့ချင်းစီ ဆွေးနွေးပြီး ပြင်ဆင်မည့် ဥပဒေပုဒ်မများကိစ္စကို ဆွေးနွေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် စည်ပင်ကော်မတီက ပြင်ဆင်လိုသည့် ဥပဒေပုဒ်မများကို အဆိုပြုရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လတ်တလောတွင် ထားဝယ်မြို့ နယ် စည်ပင်ကော်မတီက အဆိုပြုထားသည့် ပုဒ်မများရှိနေပြီဖြစ်သော်လည်း ထုတ်ဖော်ပြောဆိုရန် မရသေးကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းတိုင်ပင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။

လူမူအသိုင်းအဝိုင်းများ ပူးပေါင်း ဆောင်ရွက်မှုရှိသော၊ တာဝန်ယူ တာဝန်ခံနိုင်သည့် စည်ပင်သာယာရေးဆိုင်ရာ စီမံခန့်ခွဲမှု စီမံကိန်း ဆောင်ရွက်နေသည့် လောကအလင်းအဖွဲ့ကလည်း တိုင်းစည်ပင်သာယာရေးဥပဒေတွင် ပြင်ဆင်ရမည့် ပုဒ်မ ၁၈ ခုကို တိုင်းလွှတ်တော်ထံပေး ပို့ထားကြောင်း ယင်းအဖွဲ့ စီမံကိန်းတာဝန်ခံ ဦးမင်းသူရက ပြောသည်။

“အဓိကအားနည်းချက်ကတော့ လက်ရှိအခြေအနေနဲ့ သဟဇာတမဖြစ်တာတွေ အများကြီးပါလာတယ်။ ဥပမာ အခွန်ကောက်တာတွေ၊ နယ်မြေဧရိယာ သတ်မှတ်တဲ့ကိစ္စတွေ၊ စည်ပင်သာယာ ရေးကော်မတီတွေ လုပ်ဆောင်နိုင်မယ့် လုပ်ဆောင်ချက်တွေ ပံ့ပိုးပေးမယ့်အရာ တွေ အများကြီးမပါဘူး။ အဲလိုအားနည်း ချက်တွေရှိနေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိဥပဒေတွင် စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်ရမည့်အချက်များကို တိကျရှင်းလင်းစွာ ဖော်ပြထားခြင်းမျိုး မရှိသဖြင့် ကော်မတီအနေဖြင့် လုပ်ဆောင်ရာတွင် အခက်အခဲတွေ့ နေရသည်လည်းရှိကြောင်း ဦးမင်းသူရက ပြောသည်။

ယင်းပြင် စည်ပင်ကော်မတီတွင် သုံးစွဲမည့် ရန်ပုံငွေမရှိခြင်း၊ ကော်မတီဝင်များကို လစာငွေ တိတိကျကျ သတ်မှတ်ထားမှု မရှိခြင်း၊ အခွန်ကောက်ခံမှုပုံစံ ခေတ်မမီခြင်း၊ ကော်မတီတွင် အမျိုးသမီးပါဝင်မှုကို သတ်မှတ်ထားမှု မရှိခြင်း၊ စည်ပင်ကော်မတီ ရွေးကောက်ပွဲပုံစံ စသည့်အချက်များကို ပြင်ဆင်သင့်ကြောင်း ၎င်းက ပြောသည်။

ယင်းအချက်များသည် လောကအလင်းက တိုင်းလွှတ်တော်ထံသို့ ပြင်ဆင်ရန် အကြံပြုချက်ပို့ထားရာတွင် ပါဝင်သောအချက်များ ဖြစ်သည်။

တိုင်းစည်ပင်ဥပဒေကို လက်ရှိ လွှတ်တော်သက်တမ်းတွင် ပြန်ပြင်နိုင်ရန် အရေးတကြီး လိုအပ်နေကြောင်းလည်း ဦးမင်းသူရက ပြောသည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက စက်တင်ဘာလတွင် ကျင်းပရန် ရည်မှန်းထားသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ယင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြောဆိုသည်။

တိုင်းစည်ပင်သာယာရေးဥပဒေ သည် ၂၀ဝ၈ အခြေခံဥပဒေ၊ ပြည်ထောင်စုတွင် ပြဋ္ဌာန်းထားသော ဥပဒေများကို ကိုးကားစရာမလိုဘဲ တိုင်းဒေသကြီးအတွက် ကိုက်ညီဆုံးဖြစ်စေရန် ရေးဆွဲပြဋ္ဌာန်းနိုင်သည့် ဥပဒေတစ်ခုလည်း ဖြစ်သည်။

ကျော်သူစိုး