ကိုဗစ်ကုစားရေးချေးငွေ တနင်္သာရီတိုင်းမှ လုပ်ငန်း ၅၀ ကျော် ငွေချေးခွင့်ရ

0
675

ကိုဗစ်ကပ်ဘေး ကုစားရေးချေးငွေကို တနင်္သာရီတိုင်းအတွင်းရှိ လုပ်ငန်းငါးဆယ်ကျော် ချေးခွင့်ရရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ထံမှ သိရသည်။

ကိုဗစ်ချေးငွေကို တိုင်းကုန်သည်/ စက်မှုအသင်းမှတစ်ဆင့် လျှောက်ထားသူ ၇၄ ဦးရှိသည့်အနက် ၅၄ ဦးချေးခွင့်ရကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

တိုင်းကုန်သည်/စက်မှုအသင်းမှ ချေးငွေလျှောက်သူများရှိသကဲ့သို့ သက်ဆိုင်ရာ အသင်းအဖွဲ့များထံ လျှောက်ထားသူများလည်း ရှိသည်။

ချေးငွေကို ကိုဗစ်ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက စိစစ်ထုတ်ပေးခြင်း ဖြစ်သည်။

ကိုဗစ်ကုစားရေးချေးငွေ ချေးခွင့်ရသူ စာရင်းကို ၆ ကြိမ်မြောက် ထုတ်ပြန်ပြီး ဖြစ်ချိန်တွင် ထားဝယ်ခရိုင်အတွင်း လုပ်ငန်း ၂၉ ခုနှင့် မြိတ်ခရိုင်တွင် ၂၅ ခု ချေးခွင့်ရရှိကြောင်း တိုင်းကုန်သည်/ စက်မှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။

ကိုဗစ်ကြောင့် ထိခိုက်မှု၊ သက်ရောက်မှုရှိသော နိုင်ငံတစ်ဝန်းမှ စက်မှုလက်မှု လုပ်ငန်းများအတွက် အတိုးနှုန်း တစ်ရာခိုင် နှုန်းဖြင့် ချေးငွေကာလ တစ်နှစ်သတ်မှတ်ကာ COVID-19 Fund မှ ငွေထုတ်ချေးရန် အစိုးရနှင့် ကုန်သည်စက်မှုအသင်းတို့ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ် သည်။

“ဘဏ်မှာ ချေးခွင့်ရပြီးနေ့ကနေ တစ်နှစ်တိတိမှာ အတိုးရော အရင်းရော ဆပ်ရမယ်” ဟု ဦးကျော်ကျော်ဦးက ပြောသည်။

တိုင်းအတွင်း ချေးခွင့်ရသည့် အနည်းဆုံးပမာဏမှာ ငွေကျပ်သိန်း ၂၀ မှ အများဆုံးသိန်း ၈၀ဝ အထိရှိကြောင်း ၎င်းက ဆိုသည်။

ငွေချေးခွင့်ရသည့် လုပ်ငန်းများတွင် SME လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ရေသန့်၊ တစ်ရှူးလုပ်ငန်း၊ ခေါက်ဆွဲ ခြောက်၊ ကျောက်ထုတ်လုပ်ငန်း၊ ငါးမုန့် လုပ်ငန်းများ ပါဝင်ကြောင်း တိုင်းကုန်သည်/စက်မှုအသင်းထံမှ သိရသည်။