မွန်တွင် မိုးစပါးစိုက်ချေးငွေ ကျပ် ၄၃ ဘီလီယံကျော် ထုတ်ချေးမည်

0
420

မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများအတွက် ယခုနှစ် ၂၀၂၀ ခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၄၃ ဘီလီယံကျော် ထုတ်ချေးရန်လျာထားကြောင်း မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၈ ရက်မှစပြီး မြို့နယ်အလိုက် စတင်ထုတ်ချေးနေကြောင်း အထက်ပါဘဏ်မှ သိရသည်။


ချေးငွေ အတိုးနှုန်းကို လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ် ၁၉ ရောဂါ အကျပ်အတည်းကြောင့် တောင်သူများအဆင်ပြေစေရန်ရည်ရွယ်ကာ အတိုးနှုန်းကို ၅ ရာခိုင်နှုန်းသို့ လျှော့ချထားကြောင်း ဦးကျော်စွာလှိုင်က ဆက်ပြောသည်။


ယခင်က ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ရာခိုင်နှုန်း ဖြစ်သည်။


“လယ်သမားအများစုက ဘဏ်ချေးငွေကို အားကိုးကြပါတယ်။ ပေးတာ မများပေမယ့် မြေဩဇာဖိုး ကောက်စိုက်ဖိုးလောက်ကတော့ ကာမိတော့ တော်တော်များများ ယူကြပါတယ်။ ဒီနှစ်က အတိုးထပ်လျှော့ပေးထားတယ်ဆိုတော့ ပိုပြီးအဆင်ပြေကြမယ် ထင်တယ်” ဟု မုဒုံမြို့မှ လယ်သမား ဦးထွန်းလှိုင်က ပြောသည်။


ချေးငွေကို လယ်တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းနှင့် လယ်သမားတစ်ဦးလျှင် ၁၀ ဧကထိ ထုတ်ချေးပေးနေပြီး တောင်သူများအနေဖြင့် ပုံစံ(၇) မူရင်း၊ ချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်အစရှိသည့် ဘဏ်မှသတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ ထုတ်ချေးယူနိုင်သည်။


မွန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်တုန်းက မိုးစပါးစိုက်ဧက ၃ သိန်းကျော်အတွက် ငွေကျပ် ၄၂ ဘီလီယံကျော် ထုတ်ချေးခဲ့ကြောင်း မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ သိရသည်။