ရနောင်းအချုပ်ရှိ နိုင်ငံသား ၁၈၀ နီးပါး ကော့သောင်းနယ်စပ်မှဝင်ရောက်

0
516

ထိုင်းတွင် အကျဉ်းကျခံရပြီးနောက် မြန်မာနိုင်ငံပြန်ခွင့်ရပြီးသည့် ရနောင်းလဝကအချုပ်သို့ ရောက်နေသူ ၁၇၈ ဦး မြန်မာနိုင်ငံပြန်ခွင့်ရပြီ ဖြစ်သည်။


၎င်းတို့သည် တရားမဝင်နေထိုင်မှု အပါအဝင်အမှုအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအချုပ်ထောင်အသီးသီးတွင် ပြစ်မှုကျခံပြီးလွတ်ရက်စေ့သဖြင့် ရနောင်း-ကော့သောင်းလမ်းမှတစ်ဆင့် ပြည်တော်ပြန်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လွှဲပြောင်းပေးရန် ရနောင်းလဝကအချုပ်သို့ ရောက်ရှိနေသူများ ဖြစ်သည်။


မေလ၁၅ရက်နေ့တွင် ၎င်းပြည်တော်ပြန်အလုပ်သမား ၁၇၈ဦးကိုလက်ခံခဲ့ပြီး ကော့သောင်းဒေသခံများကိုမူ ကော့သောင်းရှိ ရောဂါစောင့်ကြည့်ရေးစခန်းများတွင်၂၁ရက် စောင့်ကြည့်ခြင်းပြုလုပ်သွားမည်ဟု ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်လင်းထွန်း က ပြောသည်။


မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တွင် နေထိုင်သူများကိုမူ ကော့သောင်းဘက်မှ တာဝန်ယူပို့ပေးရမည်ဖြစ်ပြီး ထိုသူတို့က ၎င်းတို့မြို့နယ်ရှိ ရောဂါစောင့်ကြည့်ရေးစခန်းများတွင် ၂၁ ရက်နေရမည်ဖြစ်ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။


တနင်္သာရီတိုင်းပြင်ပ နေရပ်ပြန်များအား ကော့သောင်းမှထားဝယ်သို့ တာဝန်ယူပို့ဆောင်ကာ ထိုသူတို့ကို ထားဝယ်ဘက်မှ ဆက်လက်တာဝန်ယူ လက်လွှဲပို့ဆောင်ရန် ညှိနှိုင်းစီစဉ်ထားကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။


ရနောင်းခရိုင်နှင့် ထိုင်းတောင်ပိုင်း အချုပ်ထောင်အသီးသီးတွင်လည်း လွတ်ရက်စေ့နေပြီး မြန်မာပြည် ပြန်ခွင့်ရနေပြီဖြစ်သည့် မြန်မာနိုင်ငံသားများစွာရှိနေသေးကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကူညီပေးနေသည့် ရနောင်းမြို့အခြေစိုက် မိတ္တသဟာရနာရေး ကူညီမှုအသင်း(ရနောင်းမြို့)၏ တာဝန်ခံကိုသားကျော်က ပြောသည်။


၎င်းတို့သည် ရနောင်းလဝကအချုပ်သို့ မကြာမီလွှဲပြောင်းလာမည့်သူများ ဖြစ်သည်။
မလွှဲသေးခြင်းမှာ အထက်ပါနေရပ်ပြန်ခွင့်ရ ပြည်တော်ပြန် ၁၇၈ ဦးဖြင့် အချုပ်ထောင် ပြည့်နေသောကြောင့် ဖြစ်သည်။


“နောက်ထပ် အခြားမြို့နယ်တွေကပို့လာဖို့ အကြောင်းကြားထားတာရှိသေးတယ်။ ဒီမှာလူတွေ ပြည့်နေလို့ပို့လို့ မရသေးတာ။ ဒီလူတွေ ပြည်တော်ပြန်ခွင့်အတွက်က ဘယ်လိုလာမလဲ မသိသေးဘူး” ဟုကိုသားကျော်က ပြောသည်။


ဝင်လာသည့် နိုင်ငံသား ၁၇၈ ဦးအနက် တနင်္သာရီတိုင်းသား ၇၁ ဦးပါဝင်ပြီး ကျန်သူများမှာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း အစရှိသည့် အခြားတိုင်းနှင့် ပြည်နယ်နေသူများဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။


တိုင်းတွင်းနေသူများကို ၎င်းတို့ နေထိုင်သည့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့် ချိတ်ဆက်ပို့ဆောင်မည်ဖြစ်ပြီး နေထိုင်ရာဒေသတွင် လူထုအခြေပြုစောင့်ကြည့်စခန်းများတွင် သတ်မှတ်ရက်အတိုင်း နေထိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။


အခြားတိုင်းနှင့် ပြည်နယ်နေသူများကိုမူ ထားဝယ်မြို့ရှိ ရွှေဝယ်သီရိအားကစားကွင်းတွင် စုရပ်အဖြစ်ထားပြီး သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်ထံ ချိတ်ဆက်ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


“လတ်တလော ပြန်မခေါ်နိုင်သေးတဲ့ တိုင်းနဲ့ ပြည်နယ်နေသူတွေကျတော့ ကော့သောင်းမှာပဲ Facility Quarantine ဝင်ရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ဆိုသည်။


၎င်းတို့ စောင့်ကြည့်ရက်ပြည့်ချိန်တွင် နေထိုင်ရာ တိုင်းနှင့်ပြည်နယ် တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ ပို့ဆောင်မည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။


ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဝင်ပေါက်တစ်ခုဖြစ်သည့် မောတောင်နယ်စပ်မှ ဝင်ရောက်နိုင်ရေးအတွက်လည်း ပြည်ထောင်စုအစိုးရနှင့် ထိုင်းအစိုးရတို့ ညှိနှိုင်းနေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။


လက်ရှိတွင် ထီးခီးနယ်စပ်မှလည်း မြန်မာနိုင်ငံသားအချို့ ဝင်ရောက်နေဆဲ ဖြစ်ကြသည်။