အခြေခံလူတန်းစားအိမ်ထောင်စုများကို ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့မည်

0
364

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူ တန်းစားအိမ်ထောင်စုများကို ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

ယင်းအိမ်ထောင်စုများကို မေလ ၁၅ ရက်နေ့မှ ရက် ၃၀ အထိ တစ်ကြိမ်နှင့် ဇွန်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်းတစ်ကြိမ် စုစုပေါင်းနှစ် ကြိမ်ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ထောက်ပံ့ရန်အတွက် အခြေခံ လူတန်းစားအိမ်ထောင်စုစာရင်းကောက် နေပြီး ယင်းစာရင်းကို ပြည်ထောင်စု အစိုးရထံ မကြာမီတင်ပြမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။

COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ထိုသို့ ထောက်ပံ့ရန် စီစဉ်ခြင်းဖြစ်သည်။

“အခြေခံလူတန်းစားတွေ စာရင်းကို အခုယူနေပါပြီ”ဟု ဝန်ကြီးဦးကျော်မင်း က ပြောသည်။

ထိုသို့ထောက်ပံ့ရန် အခြေခံ လူတန်းစားစံသတ်မှတ်ချက်မှာ ဧပြီလ အတွင်း ဆန်၊ ဆီ၊ ကြက်သွန်နီ ထောက်ပံ့စဉ်က သတ်မှတ်ချက်အတိုင်း ပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင် ထောက်ပံ့ပစ္စည်းပေးစဉ်က ရပ်ကွက်/ကျေးရွာအချို့တွင် အခြေခံလူတန်းစား စံသတ်မှတ်ချက်နှင့် မကိုက်ညီသည့် ကုန်စုံဆိုင်ရောင်းချ နေသူ၊ ငွေကြေးအတန်အသင့်ပြည့်စုံသူ အချို့ ပါဝင်နေသဖြင့် ပြည်သူများ အကြား ပြောဆိုဝေဖန်မှုအချို့ရှိခဲ့သည်။

ထိုစဉ်က အခြေခံလူတန်းစားစာရင်းကောက်ရာတွင် ရပ်မိရပ်ဖ၊ မီးသတ် ဦးစီးဌာန၊ ထွေအုပ် စသည့် စေတနာ့ ဝန်ထမ်းများ ပါဝင်သည့်အဖွဲ့များဖြင့် ကောက်ယူခဲ့ခြင်းဖြစ်သည်။

အခြေခံလူတန်းစားစာရင်းကို အသစ်ကောက်ယူမည်မဟုတ်တော့ဘဲ ဆန်၊ ဆီ၊ ကြက်သွန်နီ ထောက်ပံ့စဉ်က ကောက်ယူခဲ့သည့်စာရင်းကို ပြန်စိစစ် ကာ တိုင်းအစိုးရထံ တင်ပြမည်ဖြစ် ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

ထိုအချိန်က အခြေခံလူတန်းစားစံသတ်မှတ်ချက်နှင့် မညီသူများကို ဖယ်ထုတ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခင်က ကောက်ယူခဲ့သည့် အခြေခံ လူတန်းစားအိမ်ထောင်စု အရေအတွက်မှာ ထားဝယ်ခရိုင်တွင် ၄၇၅၂၈ စု၊ မြိတ်ခရိုင်တွင် ၆၅၂၄၅ စုနှင့် ကော့သောင်း ခရိုင်တွင် ၁၇၅၀၁ စုရှိကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးထံမှ သိရသည်။

Dawei Watch