နယ်မြေအုပ်ချုပ်ရေးမှူးကိုယ်ထိ လက်ရောက်ကျူးလွန်ခံရ

0
426

မြိတ်မြို့၊ ရေပုန်းနယ်မြေရှိအုပ်ချုပ်ရေးမှူး ကိုယ်ထိလက်ရောက်ကျူးလွန်ခံရကြောင်း ယင်းနယ်မြေအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သားများထံမှ သိရသည်။


ဧပြီလ ၂၄ ရက်က စည်ပင်ဝန်ထမ်းနှင့် မြေစာရင်းဝန်ထမ်းအပါအဝင် ရေပုန်းနယ်မြေ၊ ငြိမ်းချမ်းရေးရပ်ကွက်အတွင်း နေအိမ်တစ်ဆောင်မှ အုတ်နံရံခြံစည်းရိုးကာရံထားမှုအား သွားရောက်စစ်ဆေးစဉ် ယင်းလမ်းနေ အသက် ၅၀ ကျော်အရွယ်ရှိအမျိုးသားမှ လာရောက်၍ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း နယ်မြေအုပ်ချုပ်ရေးမှူးနှင့်ရပ် ကွက်သားများထံမှ သိရသည်။


“အင်္ကျီရင်ဘတ်ကို ဆွဲပြီးထိုးတာ အုပ်ချုပ်ရေးမှူး လဲကျသွားပြီး မျက်မှန်လည်းကွဲသွားတယ်”ဟု အသက် ၆၀ အရွယ်မျက်မြင်အမျိုးသမီးတစ်ဦးက ပြောသည်။


အုပ်ချုပ်ရေးမှူး ကိုယ်ထိလက်ရောက်ကျူးလွန်ခံရပြီးနောက် စစ်ဆေးဆောင်ရွက်ရန်လာရောက်ခဲ့သည့် ဝန်ထမ်းနှစ်ဦးမှာရှေ့ဆက်ဆောင်ရွက်ခြင်းမရှိတော့ဘဲ လှည့်ပြန်ခဲ့ရကြောင်းနယ်မြေအုပ်ချုပ်ရေးမှူး ဦးဌေးလှိုင်က ဆိုသည်။


“ထိုးတဲ့လူအိမ်နဲ့လည်း အလှမ်းဝေးတယ်။ အိမ်ရှင်နဲ့လည်းပတ်သက်မှု မရှိဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ဝင်လာပြီး ပြဿနာရှာတာ”ဟု ၎င်းက ပြောသည်။


တာဝန်အရဆောင်ရွက်နေသည့် နယ်အုပ်ချုပ်ရေးမှူးအား ယင်းသို့ ကိုယ်ထိလက်ရောက် ပြုမူလိုက်ခြင်းသည် အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်အား စိန်ခေါ်လိုက်ခြင်းဟုထင်မြင်မိကြောင်း ယင်းရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးက မှတ်ချက်ပေးသည်။


အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ဝတ္တရားဆောင်ရွက်နေစဉ်တားဆီးမှု ပုဒ်မ ၃၅၃ နှင့်နာကျင်အောင်လက်ရောက်ကျူးလွန်မှုပုဒ်မ၃၃၂ တို့ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။


“အာမခံပေးလို့ရတဲ့အမှုဆိုတော့ လူနှစ်ယောက်နဲ့ အာမခံပေးထားပါတယ်”ဟု အဆိုပါရဲစခန်းမှတာဝန်ရှိသူက ပြောသည်။


ရေပုန်းနယ်မြေတွင် ရပ်ကွက် ၇ ခုရှိပြီး အိမ်ခြေ ၂၀၄၀ နှင့်လူဦးရေ ၁၂၉၃၅ ဦးရှိကြောင်း ယင်းနယ်မြေအုပ်ချုပ်ရေးရုံးမှ သိရသည်။