ကွင်းထဲမှ ကျူအခက်အခဲ

0
836

တစ်ရွာနှင့်တစ်ရွာ အခက်အခဲကား မတူကြပါ။ ကျူခြင်းဟု လူအများအလွယ်ခေါ်လာကြသော အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် တစ်ရွာနှင့်တစ်ရွာ မတူညီသော အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရသည်။


ကျောင်းအဆောက်အအုံ တစ်ခုသာရှိသော မူလတန်းအဆင့်ကျောင်းသာရှိသော ကျေးရွာများတွင် အမျိုးသား၊ အမျိုးသမီးများကို တစ်ဆောင်တည်းတွင်ထားရှိနေရခြင်း၊ စောင့်ကြည့်ခံနေရသူများသည် မိသာစုများနှင့်ပင် စကားပြောခွင့်မရခြင်းစသည်တို့ ဖြစ်နေကြသည်။


ထမင်းလာပို့ချိန် သတ်မှတ်ထားသော ခြောက်ပေအကွာအဝေးမှ မိသားစုနှင့် စကားပြောခွင့်ကိုပင် စောင့်ကြည့်ရေးစခန်း တာဝန်ရှိသူတို့ကခွင့်မပြုကြောင်း လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာတွင် စောင့်ကြည့်ရေးစခန်းဝင်နေသူ ကိုသံလုံးက ပြောသည်။


“ကျွန်တော်တို့မှာ အိမ်က စားစရာတွေလာပို့အချိန်မှပဲ မိသားစုနဲ့ စကားပြောခွင့်ရတာလေ။ အဲတာကိုမှ သူတို့ကစကားပြောလို့မရဘူးတဲ့။ အဲတာက လူတစ်ယောက်ရဲ့အခွင့်အရေးကို လိုက်ပြီး ပိတ်ပင်သလိုဖြစ်နေတယ်”ဟု ကိုသံလုံးက ဆိုသည်။


အမျိုးသမီးများ ကိုယ်၊ စိတ်လုံခြုံမှုရှိစေရန်အတွက် စောင့်ကြည့်ရေးစခန်း အဆောင်တစ်ခုတည်းတွင် အမျိုးသား၊ အမျိုးသမီးအတူထားခြင်း မပြုလုပ်သင့်ကြောင်း ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး စောင့်ကြည့်ရေးစခန်းဝင်ဖူးသူ လောင်းလုံးမြို့နယ်မှ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။


“ကျောင်းထဲမှာ ယောကျာ်းနဲ့ မိန်းမ အတူတူနေတယ်ရတယ်ဆိုတာ တစ်ခုခုမဖြစ်နိုင်ဘူးလို့ ဘယ်သူ့မှမပြောနိုင်ဘူး။ ကျွန်မဆိုရောက်ခါစက တော်တော်ကြောက်တယ်။ မြန်မြန်မိုးလင်းပါစေပဲ ဆုတောင်းနေတယ်။ ကြောက်လို့လေ” ဟု ၎င်းက ဆိုသည်။


သရက်ချောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင်မူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝယ်ပေးထားသော လူအသုံးအဆောင်ပစ္စည်းများ မလုံလောက်သည့်အခက်အခဲနှင့် ကြုံတွေ့နေကြရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။


“မြို့နယ်ကချပေးထားတဲ့ စောင်တွေ၊ ခေါင်းအုံးတွေ၊ ခြင်ထောင်တွေက နှစ်ယောက်စာပဲရတယ်။ လူကသုံးယောက်ဆိုတော့ အဲပစ္စည်းတွေကို နှစ်ပိုင်း၊ ပိုင်းပြီး ပေးလို့လဲမရဘူးလေ” ဟု သရက်ချောင်းမြို့နယ် ဆင်ကူးကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။


လောင်းလုံးမြို့နယ်တွင်လည်း စောင့်ကြည့်ရေးစခန်းများတွင်သုံးစွဲရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးသည့်ငွေကြေးမှာ တစ်ရွာနှင့်တစ်ရွာ မတူညီကြသဖြင့် ပိုသူပို၊ လိုသူလို ဖြစ်နေကြသည်။


လောင်းလုံးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးသုံးဦးကို တနင်္သာရီအပတ်စဉ် မှ ဆက်သွယ်မေးမြန်းခဲ့သည်။ စောင့်ကြည့်ရေးစခန်းဝင်နေသူ ၁၂ ဦးရှိသောကျေးရွာတွင် ကျပ်နှစ်သိန်းနှစ်သောင်းရရှိပြီး နှစ်ဦးရှိသောရွာတွင် ကျပ်သုံးသောင်း၊ ငါးဦးရှိသောရွာတွင် ကျပ်ငါးသောင်းရရှိကြောင်း ပြောဆိုကြသည်။


“ပိုတဲ့သူလဲပိုရတယ်။ လိုတဲ့သူလဲ လိုနေကြသေးတယ်။ လိုတဲ့ရွာတွေကတော့ စာရင်သွင်းရာမှာ ကျန်ခဲ့လို့တော့ ပြောသံကြားရတယ်” ဟု အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။


ထားဝယ်တက္ကသိုလ်စောင့်ကြည့်ရေးစခန်းတွင် သောက်သုံးရေပြတ်လပ်သည့် အခက်အခဲရှိသည်ဟုဆိုသဖြင့် တိုင်းအစိုးရက ချက်ချင်းဆိုသလိုသွားကြည့်သည်။


ထားဝယ်တက္ကသိုလ်ရှိစခန်းသွင်း စောင့်ကြည့်ရေးစခန်းသည် ထားဝယ်ခရိုင်ရှိ စောင့်ကြည့်ရေးစခန်းများအနက် အကောင်းဆုံးဟုဆိုနိုင်ပြီး အခြားတိုင်းနှင့်ပြည်နယ်မှ ပြန်လာသူများကို ၂၁ ရက် စခန်းသွင်း စောင့်ကြည့်နေသည်။


အခြားကျေးရွာအသီးသီးတွင် ရင်ဆိုင်နေရသော အခက်အခဲများကိုမှု တိုင်းအစိုးရက သွားမကြည့်နိုင်ဘဲ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ကျ ကျန်းမာရေးဆရာမတို့သာ အဓိကတာဝန် ယူထားရသည်။


တိုင်းအစိုးရအဖွဲ့က ဧပြီလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းတွင် ရပ်ရွာ အခြေပြုကန့်သတ်စောင့်ကြည့်ရေး စခန်း (Community Based Facility Quarantine (CBFQ))ပေါင်း လေးရာကျော်တွင် လူဦးရေခုနစ်ရာနီးပါး ၇၇၇ ဦးရှိနေသည်။


ကျေးရွာများရှိ CBFQ များအား မည်သို့အထောက်အပံ့ပေးမည်၊ မည်သို့ လည်ပတ်မည်ကို အစိုးရက တိတိကျကျသတ်မှတ်ထားခြင်းမရှိကြောင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ထားဝယ်ဒေသရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်နေသော ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA) မှ ဒါရိုက်တာ ဦးသန့်စင်က ပြောသည်။

“Quarantine ဝင်နေရတဲ့သူတွေလည်း စနစ်တကျ စောင့်ရှောက်ခံနိုင်အောင်၊ ဘေးကနေပြီးပံ့ပိုးဝန်းရံနေတဲ့ စေတနာ့ဝန်ထမ်းတွေလည်း သူ့တို့အလုပ်ကို သူတို့အောင်မြင်အောင်လုပ်ပြီး ဂုဏ်ယူနိုင်အောင်လုပ်ဖို့ဆိုရင် တိကျသေချာတဲ့ စနစ်တစ်ခုလိုတယ်”ဟု ဦးသန့်စင်က ပြောသည်။


“အားလုံးကိုခြုံငုံပြီးပြောမယ်ဆိုရင် အခုချိန်မှာတော့ ဒီကိစ္စတွေသည် လစ်ဟင်းချက်တွေ အများကြီးရှိနေသေးတယ်”

ကျော်သူစိုး