တနင်္သာရီတိုင်းတွင် လျှပ်စစ်မီတာ တစ်လုံး ကျပ် ၅၀၀၀ ထောက်ပံ့ရေး တွက်ချက်

0
909
Tanintharyi Region
တနင်္သာရီတိုင်းဒေသကြီးအတွင်းလျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများသင့်တင့်သောဓာတ်အားခနှုန်းထားရရှိရေးညှိနှိုင်းအစည်းအဝေး

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်သုံးစွဲသူများကို မီတာ တစ်လုံး ၅၀၀၀ ကျပ် ထောက်ပံ့နိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွေးနွေးလျက်ရှိသည်။

မေလ ၃ ရက်နေ့က ကျင်းပသော တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ သင့်တင့်သောဓာတ်အားခနှုန်းထားရရှိရေး ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ဆွေးနွေးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးစီးဖွဲ့စည်းထားသော ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ အစီအစဉ်အရ မြန်မာနိုင်ငံအတွင်းရှိ လျှပ်စစ်မီး သုံးစွဲသူများမှာ ဧပြီလအတွက် ယူနစ် ၁၅၀ အခမဲ့ ရရှိမည်ဖြစ်သည်။

သို့သော် တနင်္သာရီတိုင်းဒေသကြီးမှာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားခြင်း မရှိသေးသဖြင့် ထိုခံစားခွင့် မရရှိပေ။

ယင်းကြောင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများကို ထောက်ပံ့နိုင်ရေး မီတာ တစ်လုံး ကျပ် ၅၀၀၀ ထောက်ပံ့နိုင်ရေး တွက်ချက်တင်ပြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က အစည်းအဝေးတွင် ပြောဆိုကြောင်း ထုတ်ပြန်ချက် အရသိရသည်။

ယင်းနှင့် ပတ်သက်၍ အသေးစိတ် အစီအစဉ်ကို မကြာမီရက်ပိုင်းအတွင်း ရှင်းလင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က Dawei Watch သို့ ပြောဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့များ၊ ကျေးရွာများတွင် တိုင်းအစိုးရ၏ အစီအစဉ်ဖြင့် မတူညီသော လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီအသီးသီးက လျှပ်စစ်ဓာတ်အားပေးလျက်ရှိသည်။ လျှပ်စစ်မီတာခမှာ အနည်းဆုံး တစ်ယူနစ် ၂၃၀ ကျော် ရှိသည်။

Dawei Watch