ဧပြီလ လျှပ်စစ်ယူနစ် လျှော့ပေါ့ခံစားခွင့် ထားဝယ်မပါ

0
1149

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ်ဈေးနှုန်း သို့မဟုတ် ယူနစ်လျော့ပေါ့ပေးရေး အစီအစဉ်တွင် ထားဝယ်ခရိုင်အတွင်းရှိ မီးသုံးသူများ မပါကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

မြိတ်တွင် လျှပ်စစ်တစ်ယူနစ် နှုန်းထား ၁၀၀ ကျပ် လျော့ချပေးခြင်း၊ ကော့သောင်းမြို့ပေါ်တွင် တစ်ယူနစ် ၅၀ ကျပ် လျှော့ချပေးပြီး ၁၀ ယူနစ် အခမဲ့ပေးခြင်းတို့ ရှိသော်လည်း ထားဝယ်တွင် လျှပ်စစ်မီတာခ လျှော့ချခြင်း၊ အခမဲ့ ယူနစ်သတ်မှတ်ခြင်း နှစ်မျိုး စလုံးတွင် မပါရှိပေ။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Tran ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်ယူနစ်လျှင် ၂၃၈ ကျပ် ကောက်ခံနေသည်။

အဆိုပါကုမ္ပဏီက ဒီဇယ်စက်ဖြင့် လျှပ်စစ်ထုတ်လုပ်နေသည့်အတွက် လက်ရှိတွင် အရှုံးပေါ်နေပြီး လျှပ်စစ်ယူနစ် အခမဲ့သုံးစွဲခွင့် သို့မဟုတ် ဈေးနှုန်းလျော့ချကောက်ခံရန် အဆင်မပြေဟု ကုမ္ပဏီဘက်က တင်ပြကြောင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

“ထားဝယ်မှာကျတော့ ဆက်ညှိနှိုင်းဖို့တော့ မရှိဘူး။ ထားဝယ်မှာ အမှန်တစ်ကယ်ကလည်းပဲ လက်ရှိလည်းပဲ ဒီဇယ်နဲ့ပဲ ပေးနေရတယ်ဆိုတော့ သူ့အခက်အခဲကိုတင်ပြတယ်ပေါ့”ဟု ဦးအောင်သူရက ပြောသည်။

အဆိုပါကုမ္ပဏီက ဂက်စ်ဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် တင်ဒါအောင်မြင်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ဂက်စ်အင်ဂျင်အခက်အခဲကြောင့် ဒီဇယ်စက်များဖြင့် ထုတ်လုပ်နေခြင်းဖြစ်သည်။

မြိတ်မြို့နယ်တွင် ဧပြီလအတွက် လျှပ်စစ်တစ်ယူနစ်လျှင် ၂၈၀ ကျပ်ဖြင့် ဖြန့်ဖြူးပေးရန် သဘောတူညီမှုရရှိထားကြောင်း တိုင်းအစိုးရထံမှ သိရသည်။ယခင်က လျှပ်စစ်တစ်ယူနစ်လျှင် ၃၈၀ ကျပ်ဖြစ်သည်။

ကော့သောင်းမြို့နယ်တွင်လည်း တစ်ယူနစ်လျှင် ၃၃၀ ကျပ်နှုန်းလျော့ချ ကောက်ခံရန်နှင့် အိမ်သုံးမီတာများအတွက် ၁၀ ယူနစ်အခမဲ့သုံးစွဲခွင့်ရရှိထားသည်။ ကော့သောင်းမြို့ရှိ အခြား လျှပ်စစ် ကုမ္ပဏီ တစ်ခု ဖြစ်သော ဖိုးသီးချိုကမူ ကိုဗစ်ကာလမတိုင်မီက တစ်ယူနစ် ၁၀ ဘတ် ကောက်ယူရာမှ မီတာအားလုံးသို့ ၉ ဘတ်သို့ လျှော့ပေါ့ခဲ့သည်။ သို့သော် အိမ်သုံးမီတာခ အတွက် သီးခြားစဉ်းစားလျက်ရှိကြောင်း ဖိုးသီးချိုမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေး အဖွဲ့များ (နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့များမပါ) အိမ်သုံး လျှပ်စစ်မီတာအတွက် ဧပြီလအတွင်း လျှပ်စစ်ဓာတ်အားခကင်းလွတ်ခွင့် ယူနစ် ၁၅၀ အထိ ပေးအပ်မည်ဖြစ်ကြောင်း ကိုဗစ်နိုင်တီး ကာကွယ်၊ ထိန်းချုပ် ကုသရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်ထားသည်။

ထို့အတွက် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာယူနစ် ၁၅၀ အခမဲ့သုံးစွဲနိုင်ရေးအတွက် ငွေကျပ်သိန်းပေါင်း ငါးသောင်းကျော်ကို ပြည်ထောင်စုအစိုးရထံ တောင်းခံထားသည်။

ထိုတောင်းခံထားသည့် ရန်ပုံငွေနှင့်ပတ်သက်၍ ဧပြီလ ၃၀ ရက်နေ့အထိ ပြည်ထောင်စုအစိုးရက တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း ဦးအောင်သူရက ဆိုသည်။

ယင်းကြောင့် လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် လုပ်ငန်းရှင်များမှ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးရန် ဧပြီလ ၂၁ ရက်နေ့တွင် တိုင်းအစိုးရက လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။