“တန်းတူအခွင့်အရေးဆိုတာ ဘာလဲ”

0
1075

ကိုဗစ် လျှပ်စစ်ယူနစ် ခံစားခွင့် ထားဝယ်မပါ

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ်ဈေးနှုန်း သို့မဟုတ် ယူနစ်လျှော့ပေါ့ပေးရေး အစီအစဉ်တွင် ထားဝယ်ခရိုင်အတွင်းရှိ မီးသုံးသူများ မပါကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

မြိတ်တွင် လျှပ်စစ်တစ်ယူနစ်နှုန်းထား ၁၀၀ ကျပ် လျှော့ချပေးခြင်း၊ ကော့သောင်းမြို့ပေါ်တွင် တစ်ယူနစ် ၅၀ ကျပ်လျှော့ချပေးပြီး ၁၀ ယူနစ် အခမဲ့ ပေးခြင်းတို့ ရှိသော်လည်း ထားဝယ်တွင် လျှပ်စစ်မီတာခ လျှော့ချခြင်း၊ အခမဲ့ ယူနစ်သတ်မှတ်ခြင်း နှစ်မျိုး စလုံးတွင် မပါရှိပေ။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Tran ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်ယူနစ်လျှင် ၂၃၈ ကျပ် ကောက်ခံနေသည်။

အဆိုပါကုမ္ပဏီက ဒီဇယ်စက်ဖြင့် လျှပ်စစ်ထုတ်လုပ်နေသည့်အတွက် လက်ရှိ တွင် အရှုံးပေါ်နေပြီး လျှပ်စစ်ယူနစ် အခမဲ့သုံးစွဲခွင့် သို့မဟုတ် ဈေးနှုန်း လျှော့ချကောက်ခံရန် အဆင်မပြေဟု ကုမ္ပဏီဘက်မှ တင်ပြကြောင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

“ထားဝယ်မှာကျတော့ ဆက်ညှိနှိုင်း ဖို့တော့ မရှိဘူး။ ထားဝယ်မှာ အမှန် တကယ်ကလည်းပဲ လက်ရှိလည်းပဲ ဒီဇယ်နဲ့ပဲ ပေးနေရတယ်ဆိုတော့ သူ့ အခက်အခဲကို တင်ပြတယ်ပေါ့”ဟု ဦးအောင်သူရက ပြောသည်။

အဆိုပါကုမ္ပဏီက ဂက်စ်ဖြင့်လျှပ် စစ်ဓာတ်အားထုတ်လုပ်ရန် တင်ဒါ အောင်မြင်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ဂက်စ်အင်ဂျင်အခက်အခဲကြောင့် ဒီဇယ် စက်များဖြင့် ထုတ်လုပ်နေခြင်းဖြစ်သည်။

မြိတ်မြို့နယ်တွင် ဧပြီလအတွက် လျှပ်စစ်တစ်ယူနစ်လျှင် ၂၈၀ ကျပ်ဖြင့် ဖြန့်ဖြူးပေးရန် သဘောတူညီမှုရရှိ ထားကြောင်း တိုင်းအစိုးရထံမှ သိရသည်။ ယခင်က လျှပ်စစ်တစ်ယူနစ်လျှင် ၃၈၀ ကျပ်ဖြစ်သည်။

ကော့သောင်းမြို့နယ်တွင်လည်း တစ်ယူနစ်လျှင် ၃၃၀ ကျပ်နှုန်းလျှော့ချ ကောက်ခံရန်နှင့် အိမ်သုံးမီတာများ အတွက် ၁၀ ယူနစ်အခမဲ့သုံးစွဲခွင့်ရရှိ ထားသည်။ ကော့သောင်းမြို့ရှိ အခြား လျှပ်စစ် ကုမ္ပဏီတစ်ခု ဖြစ်သော ဖိုးသီးချို ကမူ ကိုဗစ်ကာလမတိုင်မီက တစ်ယူနစ် ၁၀ ဘတ် ကောက်ယူရာမှ မီတာအားလုံး သို့ ၉ ဘတ်သို့ လျှော့ပေါ့ခဲ့သည်။ သို့သော် အိမ်သုံးမီတာခအတွက် သီးခြား စဉ်းစားလျက်ရှိကြောင်း ဖိုးသီးချိုမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေး အဖွဲ့များ (နိုင်ငံတကာ လူမှု ကူညီရေး အဖွဲ့များမပါ) အိမ်သုံး လျှပ်စစ် မီတာအတွက် ဧပြီလအတွင်း လျှပ်စစ် ဓာတ်အားခကင်းလွတ်ခွင့် ယူနစ် ၁၅၀ အထိ ပေးအပ်မည်ဖြစ်ကြောင်း ကိုဗစ်နိုင် တီး ကာကွယ်၊ ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက သတင်းထုတ်ပြန် ထားသည်။

ထို့အတွက် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာယူနစ် ၁၅၀ အခမဲ့သုံးစွဲ နိုင်ရေးအတွက် ငွေကျပ်သိန်းပေါင်း ငါးသောင်းကျော်ကို ပြည်ထောင်စု အစိုးရထံ တောင်းခံထားသည်။

ထိုတောင်းခံထားသည့် ရန်ပုံငွေနှင့် ပတ်သက်၍ ဧပြီလ ၃၀ ရက်နေ့အထိ ပြည်ထောင်စုအစိုးရက တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း ဦးအောင်သူရက ဆိုသည်။

ယင်းကြောင့် လျှပ်စစ်မီးထုတ် လုပ်ဖြန့်ဖြူးပေးနေသည့် လုပ်ငန်းရှင် များမှ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးရန် ဧပြီလ ၂၁ ရက်နေ့တွင် တိုင်းအစိုးရက လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောဆို ထားသည်။

နိုင်ငံသားအားလုံးတန်းတူအခွင့်အရေးရရေး လုပ်ဆောင်ပေးရန် ကိုယ်စားလှယ် (အစိုးရ)ကို ပြည်သူလူထုက မဲပေးရွေးချယ် ထားခြင်းဖြစ်သည့်အတွက် တာဝန်ကျေရန် လိုအပ်ကြောင်း တနင်္သာရီသယံဇာတ အကျိုး ခံစားခွင့် ရရှိရေးကော်မတီ (ထားဝယ်)ဝင် ဦးဇော်သူရက ဆိုသည်။

“တန်းတူအခွင့်အရေးဆိုတာဘာ လဲပေါ့ ဒါပဲမေးချင်တယ်”ဟု ဦးဇော်သူရက ပြောသည်။

တနင်္သာရီတိုင်းသားများကမူ လျှပ်စစ် မီတာခခံစားခွင့်ကို ပြည်မနှင့်တန်းတူ ရရှိလိုကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိသည်။

ထားဝယ်တိုင်းရင်းသားများပါတီ ကလည်း တနင်္သာရီတိုင်းနေ ပြည်သူများ မှာ အခွန်ထမ်းပြည်သူများဖြစ်သည့် အတွက် ဧပြီလအတွက် လျှပ်စစ်ယူနစ်ကြေး ကင်းလွတ်ခွင့်ကို အခြားတိုင်းနှင့် ပြည်နယ်နေပြည်သူများနည်းတူ တန်းတူ ခံစားခွင့်ရှိသင့်ကြောင်း ဧပြီလ ၉ ရက် တွင် ထုတ်ပြန်ထားသည်။

ယင်းကြောင့် တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ ပြည်သူများ လျှပ်စစ် ဓာတ်အားခ တန်းတူ ကင်းလွတ်ခွင့် ရရှိရေး တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ အနေနှင့် အထူးအလေးပေး စီစဉ် ဆောက်ရွက်ရန် ယင်းပါတီက တိုက်တွန်း ထားသည်။

အသံ

ကျွန်မတို့ကတော့ ဒီဟာ(လျှပ်စစ်မီတာခကိစ္စ)သည် နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေး အပြည့်မရဘူးလို့ခံစားရတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီတာခခံစားခွင့်တွေပေးနေတဲ့ အချိန်မှာ တနင်္သာရီတိုင်းသည်လည်း မြန်မာနိုင်ငံထဲမှာရှိတဲ့အတွက်ကြောင့် အခွင့်အရေးကို လိုချင်တာတော့မဟုတ်ဘူးပေါ့။ သူများတိုင်းနဲ့ပြည်နယ်တွေနည်းတူ တနင်္သာရီတိုင်း လည်း မြန်မာနိုင်ငံ ထဲက ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့တိုင်းသည်လည်း ပါဝင်သင့်တယ်ပေါ့နော်။ တန်းတူအခွင့်အရေး ရသင့်တယ်။ ဘာဖြစ်လို့ လဲဆို ကျန်တဲ့နေရာတွေမှာလည်း အားလုံးတန်းတူပဲလုပ်နေရတာလေ။ အခွင့်အရေးကျမှ ကျွန်မတို့က ခွဲခြားခံလိုက်ရသလို ဖြစ်နေတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မီတာခတွေ ထည့်ဝင်နေကြရတဲ့အချိန်မှာ လျှော့ချတဲ့အချိန်မှာ လည်း သူ့ဟာသူ ဘာနဲ့ပဲ (ဒီဇယ်နဲ့ ပဲလည်လည်၊ သဘာ၀ဓာတ်ငွေ့နဲ့ပဲလည်လည်) လည်ပတ်နေပါစေပေါ့နော် ။ ပြောရမယ်ဆိုရင် ဒီဇယ်နဲ့ လည်ပတ်နေရင်မီတာခ ဘယ်လောက်ပဲ ပေးရမယ်၊ ဓာတ်ငွေ့နဲ့လည်ရင် ဘယ်လောက်ပဲပေးရမယ်ဆိုပြီး ခွဲခြားပြီးပေးနေရတာမဟုတ်လို့ ကျွန်မတို့ တနင်္သာရီတိုင်းလည်း ခံစားခွင့်ရှိတယ်လို့ထင်တယ်။

တနင်္သာရီတိုင်းက လွှတ်တော်ကိုယ်စာလှယ်တွေအနေနဲ့လည်းပဲ လုပ်သင့်လုပ်ထိုက်တာ၊ ဖြစ်သင့်ဖြစ်ထိုက်တာကို လုံး၀ မလုပ်ဘူးလို့ပဲမြင်တယ်။ တိုင်းသူ၊ တိုင်းသားတွေရဲ့လိုအပ်ချက်ကို လျစ်လျူရှုထားတယ်လို့တောင်ထင် တယ်။ လျှပ်စစ်ကိစ္စနဲ့ ပတ်သက်လာရင်လေ။

ပြီးတော့ တိုင်းအစိုးရအပေါ်မှာလည်း အများကြီးတာဝန်ရှိတယ်လို့ထင်တယ်။ ကိုယ့်တိုင်းရဲ့အခြေအနေ အခက်အခဲကို ကိုယ့် တိုင်းအစိုးရကပဲ ပြောပိုင်ခွင့်ရှိတယ်။

ကျွန်မတို့အရပ်သားအနေနဲ့ သွားပြောနေလို့မရဘူးလေ။ တိုင်းအစိုးရက ပြည်ထောင်စု အစိုးရကို တောင်းဆိုပေးခဲ့တယ်ဆိုတာထက် ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ပေးရမယ့်ဟာဖြစ်နေတယ်။

ဒီကိစ္စက။ တောင်းဆို ပေးခဲ့တယ်လို့ ဘာတို့လိုက်မပြောဘဲ ကိုယ့်တိုင်းမှာကိုယ် စီမံခန့်ခွဲပြီးကို လုပ်ပေးသင့်တဲ့ကိစ္စတစ်ခုလို့ မြင်ပါတယ်။ အခုကိုဗစ် ဖြစ်နေတဲ့ ကာလမျှသာမဟုတ်ဘဲနဲ့ပေါ့နော် နောက်ထပ်လည်း ဒီလျှပ်စစ်နဲ့ပတ်သတ်ပြီး တိုင်းအစိုးရကို ပြောချင်တာကတော့ ကျေးလက်နေ ပြည်သူတွေအထိ လျှပ်စစ်ကို လုံလုံလောက်ဖြန့်ဖြူးပေးလို့နိုင်အောင် စီမံခန့်ခွဲပေးစေချင်တယ် ပေါ့နော်။

ဒေါ်ခင်အေး
ကဒက်ကြီးကျေးရွာ၊ လောင်းလုံးမြို့နယ်

လျှပ်စစ်ပေးဝေရေး စာချုပ်မှာပါတဲ့ ဒီဇယ်ဆီ ဈေးနှုန်း အတက်အကျပေါ်မူတည်ပြီး သုံးလတစ်ကြိမ် ဈေးနှုန်း သတ်မှတ်ရမယ် ဆိုတဲ့အချက်ကို တိုင်းအစိုးရအနေနဲ့ အသုံးချသင့်ပါတယ်။

လျှပ်စစ်ဓာတ်အားခ ပြည်မနဲ့ တန်းတူရရှိရေးအတွက်ကတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ခင်ကတည်းက ဆန္ဒပြတောင်းဆိုလာတာ အားလုံးအသိပါ။ မရသေးတာကတော့ မဟာဓာတ်အားလိုင်း ကျွန်တော်တို့ဆီ မရောက်လာသေးလို့ မြင်ပါတယ်။ ဒီလောက်ပဲ ပြောပါရစေခင်ဗျာ။

ဦးကြည်စိုး
ဒုတိယဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်

တစ်နိုင်ငံလုံးလျှပ်စစ်မီးတန်းတူလိုချင်လို့ ၂၀၁၃ ခုနှစ်လောက်ကတည်းက တွန်းလာကြတာ။ အခုလက်ထက်အထိ နှစ်ဘယ်လောက်ကြာပြီလဲ။ နောက်ထပ်အစိုးရပြောင်းသွားတဲ့အထိ တို့သယံဇာတက တို့တွေအတွက် မဖြစ်လာသေးဘူး။ တို့တတွေဟာ မြန်မာပြည်ထဲမှာ ရှိနေသေးလား။ လူမျိုးကို ခွဲခြားဆက်ဆံတဲ့ပုံစံလားပေါ့။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေဆိုပြီး တို့ထားဝယ်ကို ခွဲခြားပြီး ဆက်ဆံလိုက်တာလားပေါ့။

နောက်တစ်ချက်က လျှပ်စစ်နဲ့ပတ်သက်ပြီး ပြဿနာတက်ထားတဲ့အပေါ်မှာ အငြိုးအတေးနဲ့ လုပ်နေသလားပေါ့။ လျှပ်စစ် နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ပြုတ်ထွက်သွားတဲ့ အခြေအနေအထိ ရှိတယ်လေ။ GGS လုပ်တဲ့ကိစ္စန့ပတ်သက်ပြီး ဝန်ကြီးချုပ်ပါ ပြုတ်သွားတယ်ဆိုတော့ ဒီအပေါ်မှာ လက်ရှိအစိုးရက တို့တတွေအပေါ်မှာ အငြိုးအတေးနဲ့ ချန်ရစ်ခဲ့တာလားပေါ့။

အစိုးရတစ်ရပ်အဖြစ် တာဝန်ယူလိုက်တဲ့သူတွေက တိုင်းရင်းသား ၁၃၅ မျိုးမှာ သား ၁၃၅ ယောက်လို့ ခံစားပြီး သားတွေ အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးပေါ့။ သားတွေရဲ့ လုပ်အားကို စားသလိုမျိုး တိုင်းရင်းသားဒေသတွေက အခွန်ကို တန်းတူညီမျှကောက်သလိုမျိုး အခွင့်အရေးကို တန်းတူပေးသင့်တယ်။ ဒါက အစိုးရကောင်းတစ်ရပ်ရဲ့ လုပ်ထုံးလုပ်နည်းတွေပေါ့။

အခုလက်ရှိအခြေအနေက ဒီအစိုးရကို ဘယ်လိုပြောရမလဲပေါ့။ ဘယ်လိုသုံးသပ်ရမလဲပေါ့ အစိုးရကောင်းဟုတ်ရဲ့လားပေါ့။

သီးခြားကိုယ့်ဟာကို သူတို့စီမံခန့်ခွဲခွင့်ထဲမှာ မပါဘူးဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်ဆိုရင် တို့ကို မပေးဘဲရတာပေါ့။ တို့တွေကို သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ပြီဆိုရင် အစိုးရကနေ လုံး၀စီမံခန့်ခွဲမပေးဘဲနဲ့ ကိုယ့်ဟာကိုစီမံခန့်ခွဲခွင့်ရမှာ။

အခုက သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာလည်းထားသေးတယ်။ အခွင့်အရေးကို အတူတူမပေးဘူးဆိုရင် သက်သက်လူမျိုးရေး ခွဲခြားတယ်လို့ ခံစားရတယ်။

ကုမ္ပဏီနဲ့ပတ်သက်ပြီး သူ့ဘက်က ပေး/မပေးက သူ့အပိုင်း။ သူစေတနာ ရှိရင်ပေးမယ် စေတနာမရှိရင် မပေးဘူး။ ဒါပေမယ့် တိုင်းအစိုးရကနေပြီးတော့ ပြည်သူတွေအတွက် ဘာတွေလုပ်နိုင်လဲပေါ့။ တနင်္သာရီတိုင်းထဲမှာ ဟိုကလျှော့ပေးတယ် ဒီကမလျှော့ပေးဘူး ဆိုကတည်းက လက်ရှိဝန်ကြီးချုပ်ကိုယ်တိုင်ရော အစိုးရအဖွဲ့ကလူတွေရောက စီမံခန့်ခွဲမှုဖျင်းတယ်ပေါ့။

ပထမတစ်ချက်က ပြည်ထောင်စုမှာ ညှိနှိုင်းပြီးပြောဖို့ လိုအပ်တယ်။ ဒုတိယတစ်ချက်က ကုမ္ပဏီက သူဌေးနဲ့ ညှိနှိုင်းဖို့ လိုအပ်တယ်။ မရဘူးဆိုရင် ဘယ်ကနေ ဖြည့်ပြီးလုပ်ပေးမယ်ပေါ့။ တန်းတူဖြစ်အောင်လုပ်ပေးဖို့အတွက်။

ဦးမောင်မောင်အေး
ဒုတိယဥက္ကဋ္ဌ ထားဝယ်တိုင်းရင်းသားများပါတီ

Dawei Watch