ရေလှူသူနည်းပါးသဖြင့် ကျေးရွာအချို့ ရေအခက်တွေ့

0
372

ယခုနှစ်တွင် ရေရှားသည့်အချိန်စောသည့်အပြင် ရေလှူသည့်သူပါနည်းပါးနေသဖြင့် ထားဝယ်ခရိုင်ရှိကျေးရွာအချို့ သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် ရေလှူဒါန်းနေသူအချို့ထံမှ သိရသည်။


ယခင် ရေလှူနေကျသူများသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးကိုသာ လုံးပမ်းနေကြသဖြင့် ရေလှူမည့်ကိစ္စကို အာရုံမစိုက်နိုင်ဘဲဖြစ်နေကြကြောင်း ရေရှားသည့်ကာလတွင် ပုံမှန်ရေလှူဒါန်းနေသူ အချို့ကပြောသည်။


“ဒီဘက်မှာကလည်း (ကိုရိုနာ ကာကွယ်ရေးအတွက်) အလုပ်လုပ်နေတယ်ဆိုတော့ ရေလှူမယ့်ဘက်ကလွတ်နေတယ်။ ရေက လှူချင်တယ်။ တစ်ပြိုင်တည်းမှာ ရေလှူမယ့်ကိစ္စပါ လုပ်ဖို့ဆို တာက ခက်ခဲတယ်။ ဒီဘက်က ကာကွယ်ရေးအပိုင်းကို လက်လွှတ်လို့ရရင်တော့ ရေလှူဖို့ အစီအစဉ်ရှိပါတယ်” ဟု ရေရှားပါက နှစ်စဉ်ရေလှူလေ့ရှိသည့် ကိုဝေဖြိုးက ပြောသည်။


ယင်းကဲ့သို့ရေလှူမည့်သူနည်းပါးသဖြင့် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာအချို့သည် ကားလမ်းမဘေးတွင် ရေပုံးများဖြင့်တန်းစီချထားပြီး ရေလာလှူမည့်သူများကို မျှော်နေကြကြောင်း သရက်ချောင်းမြို့နယ်အတွင်း ရေလှူပေးနေသည့် မြတ်ပါရမီပရဟိတအသင်း ဥက္ကဋ္ဌဦးဝင်းလတ်က ပြောသည်။


ထားဝယ်ခရိုင်ရှိ အခြားမြို့သုံးခုတွင်လည်း ယခင်ရေလှူနေကျလူငယ်များသည် ကိုရိုနာကာကွယ်ရေးတွင် စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေခြင်း၊ ၎င်းတို့နည်းတူ ပရဟိတ အသင်းအဖွဲ့များသည်လည်း ကိုရိုနာကာကွယ်ရေးလုပ်ငန်းများတွင်သာ ဝင်ရောက်လုပ်ကိုင်နေသဖြင့် ရေလှူမည့်သူနည်းပါးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။


“အခုက ကိုရိုနာကတစ်ပူ ရေရှားတာ က တစ်ပူ အပူ နှစ်ပူဆင့်နေတယ်” ဟု သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရီက ပြောသည်။


လူငယ်များနှင့် ပရဟိတအသင်းများက ကိုရိုနာကာကွယ်ရေးလုပ်ဆောင်နေချိန် မီးသတ်တပ်ဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကဲ့သို့သော ဌာနဆိုင်ရာများက ရေလှူသည့်ဘက်ကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း ကိုဝေဖြိုးက ပြောသည်။


ထားဝယ်ခရိုင်တွင် ရေရှားနေသည့်ကျေးရွာ ၂၂ ရွာရှိကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦစီးဌာန မတ်လ ၂၂ ရက်စာရင်းအရ သိရသည်။

ကျော်သူစိုး