နယ်စပ်တွင် နေထိုင်သူများ ခရီးသွားချိန် ရပ်ကျေးထောက်ခံချက်ယူရမည်

0
337

ထိုင်းနိုင်ငံနှင့် မြန်မာနယ်စပ်ဖြစ်သည့် ထီးခီး၊ မောတောင်ဒေသတွင် နေထိုင်သူများ ခရီးသွားပါက ယင်းဒေသတွင်နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ရှိရမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

ခရီးသွားရာတွင် ယင်းကဲ့သို့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်းထောက်ခံချက်မရှိပါက သက်ဆိုင်ရာဒေသရှိ စောင့်ကြည့်စခန်း (Facility Quarantine) တွင် ၁၄ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထားဝယ်ခရိုင်ရှိ ထီးခီးနယ်စပ်တွင် နေထိုင်သူများအနေဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းအရာရှိ၏ ထောက်ခံချက်ယူရမည်ဖြစ်ပြီး ထီးခီးဒေသနှင့် မေတ္တာမြို့အကြားနေထိုင်သူဖြစ်ပါက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ယူရမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။

ဥပမာအားဖြင့် အဆိုပါဒေသနေသူများ ထားဝယ်မြို့သို့လာရောက်ပါက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်း ထောက်ခံချက်ပါရှိရမည်ဖြစ်သည်။

ထီးခီးဒေသမှာ ကျေးရွာအဖြစ် မသတ်မှတ်မထားသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံအရာရှိ၏ ထောက်ခံချက်ယူရန် လိုအပ်ခြင်းဖြစ်ကြောင်း ဦးကျော်မင်းက ရှင်းပြသည်။

ထို့အတူ မြိတ်ခရိုင်အတွင်းရှိ မောတောင်နယ်စပ်တွင် နေထိုင်သူများက မောတောင်မြို့မှ အခြားဒေသသို့ သွားရောက်ပါက မောတောင်ရှိ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံချက်ယူရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မိမိရပ်ရွာအတွင်း နေထိုင်ခြင်းရှိ/မရှိကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးက သိရှိမည်ဖြစ်ပြီး ၎င်းတို့ကတာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ထောက်ခံချက်ပေးရမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ရှိမယ်ဆိုရင်တော့ Quarantine (စောင့်ကြည့်) လုပ်စရာ မလိုဘူး”ဟု ဦးကျော်မင်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် တရားမဝင်နယ်စပ်ဝင်ပေါက်များရှိသော်လည်း လက်ရှိတွင် ထိုင်းနိုင်ငံမှပြန်လာပါက တရားဝင်နယ်စပ် ဝင်ပေါက်မှပြန်လာကြရန် ဖိတ်ခေါ်ထားကြောင်း ၎င်းက ပြောသည်။

ယင်းသို့ တရားဝင် ဝင်ပေါက်မှဝင်လာပါက ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ နေထိုင်ကြောင်း ထောက်ခံချက်ထုတ်ပေးရန် ခရိုင်အဆင့်များကို ဧပြီလ ၈ ရက်နေ့တွင် ညွှန်ကြားထားကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ထီးခီးနယ်စပ်မှ တရားမဝင် ပြန်လာသူများရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးတွေ့ရှိပါက ထားဝယ်တက္ကသိုလ်ရှိ စခန်းသွင်းစောင့်ကြည့်စခန်း ထံပို့ဆောင်ပြီး ၁၄ ရက်ကြာ စောင့်ကြည့်လျက်ရှိသည်။

ဓာတ်ပုံ_ထီးခီး နယ်စပ်မှ ပြန်လာသူများကို ထားဝယ်မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးနေစဉ်

(ဓာတ်ပုံ_ကိုဇော်)