ကုန်ပစ္စည်းဈေး အဆမတန် တင်ရောင်းက ဖုန်းဆက်တိုင်ပါ

0
816

တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်အရေးအကြောင်းပြကာ ကုန်ပစ္စည်းဈေးနှုန်းကို အဆမတန်တင်ရောင်းပါက စားသုံးသူရေးရာဦးစီးဌာနထံ ဖုန်းဆက်တိုင်ကြားနိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။


အထက်ပါဌာန၏ တိုင်းဒေသကြီးဦးစီးမှူး၏ တယ်လီဖုန်းအမှတ် ဝ၉၅၁၂၇၃၈၇၊ ဝ၅၉၂၀၂၁၀၅၆၊ ဝ၅၉၂၀၂၁၂၀၄ ထံ ဆက်သွယ်တိုင်ကြားနိုင်သည်။


လက်ရှိတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိသည့် ဈေးနှုန်းများကို စာရင်းကောက်ယူပြီး ၎င်းတို့ရုံးချုပ်ထံ နေ့စဉ်တင်ပြနေကြောင်း အထက်ပါဌာန ထံမှ သိရသည်။


ထို့အပြင်ဌာနက ဈေးကွက်စုံစမ်းစစ်ဆေးရေးမှူးကိုခန့်ထားပြီး သတင်းစုံစမ်းခြင်း၊ သတင်းပေးတိုင်ကြားလာပါက ကွင်းဆင်းစုံစမ်းခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ဆိုသည်။


ပြည်သူများအနေဖြင့် ကုန်ပစ္စည်းဈေးနှုန်း ယခင်ထက်အဆမတန် ဝယ်ယူနေရပါက ဖုန်းဆက်တိုင်ကြားလာပါက တိုင်ကြားခံရသည့်ဆိုင်ကို စုံစမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


ယင်းကဲ့သို့ ဈေးအဆမတန်တင် ပြီးရောင်းချနေခြင်းကို စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးမယူနိုင်သော်လည်း အရေးယူနိုင်သည့်အခြားဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဦးဝင်းထွန်းက ဆိုသည်။


“ရောင်းနေတဲ့လူတွေရဲ့ ဝိသမလောဘနဲ့ မတော်မတရားဖြစ်တာဆိုရင်တော့ အစိုးရအဖွဲ့ကိုတင်ပြပြီး အရေးယူဖို့ဆောင်ရွက်သွားမှာပါ”ဟု ဦးဝင်းထွန်းက ဆိုသည်။


သို့ရာတွင် လက်ရှိကိုရိုနာအရေး ဖြစ်ပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်ဈေးနှုန်း အပါအဝင် အခြားရောဂါ ကာကွယ်ရေးပစ္စည်းများ ဈေးမြင့်တက်နေသည်။


ယင်းကဲ့သို့ ဖုန်းနံပါတ်ထုတ်ပြန်ပြီး တိုင်ကြားပါက တိတိကျကျလုပ်ဆောင်စေချင်ကြောင်း ထားဝယ်မြို့၊ ဇရစ်ရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။


ကိုရိုနာအရေးကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်ကာ စားသောက်ကုန်ပစ္စည်းအလုအယက် ဝယ်ယူနေသဖြင့် ဝယ်လိုအားများကာ ဈေးတင်ရောင်းချမှုအချို့ ရှိသည်။

ကိုဇော်