ကိုရိုနာ သင်္ကြန်

0
651

မြန်မာ့အစည်ကား အခမ်းနားဆုံး ပွဲတော်တစ်ခုပြပါဆိုလျှင် သင်္ကြန်ပွဲတော် ကိုသာ ပြကြလိမ့်မည်။ သို့သော် ယင်းဝိသေသကို ယခုနှစ်တွေ့ရန် မလွယ်တော့ပါ။

မြန်မာနိုင်ငံအတွင်းရှိ ကလေးမှအစ သက်ကြီးရွယ်အိုအဆုံး၊ သူတောင်းစားမှ ရှင်ဘုရင်အဆုံး၊ လူမျိုး/ဘာသာမရွေး အလွှာအသီးသီးတို့ အတူတကွ ခေတ် အဆက်ဆက် ဆင်နွှဲလာသည့် နိုင်ငံ့ ပွဲတော်ကြီး မဟုတ်ပါလော။

နိုင်ငံအဝန်း လမ်းမဘေးဝဲယာ မဏ္ဍပ်ကြီးငယ်တို့ အပြိုင်အဆိုင်ဆောက်ကာ၊ လူတိုင်း လမ်းပေါ်ထွက်ကာ နှစ်တိုင်း ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည့် ပွဲတော်ကြီးဖြစ်သည်။
အကြီးမြတ်ဆုံးသော ရေသဘင်ပွဲ တော် ဖြစ်သည်။

သို့သော် ယခုနှစ်သင်္ကြန်ကား အထူး ခြားဆုံး ဖြစ်လာတော့မည်လော။ အိမ်တွင်း အောင်းသင်္ကြန် ဖြစ်လာတော့မည်လော။

“ဒီနှစ်မှာတော့ အိမ်တွင်းပုန်းရဖို့ အနေအထားမှာရှိတယ်။ မောင်းမကန် ကမ်းခြေလည်း ပိတ်ထားတယ်။ လူတွေ လည်း စိတ်ရှုပ်နေကြတယ်ဆိုတော့ ဒီနှစ် သင်္ကြန်တော့ ဘာမှကို မစဉ်းစားတော့ ဘူး။ ကိုယ့်ဘာသာ ကင်းကင်းရှင်းရှင်းနေမယ်”ဟု ထားဝယ်မြို့သား ကိုနေရာနိုင် က ပြောလာသည်။

= = = =

ပုဂံခေတ်၊ နရသီဟပတေ့မင်းလက် ထက် မိဖုရားစောလုံနှင့် ရေပက်ကစားရာ တွင် ဘုရင်က အကျီစားလွန်သဖြင့် စောလုံ စိတ်ဆိုးကာ ဘုရင်ကို သေကြောင်းကြံ သောကြောင့် စောလုံကွပ်မျက်ခံရသည် ဟူသော ဖြစ်ရပ်လည်း ရှိခဲ့သည်။


မြန်မာဘုရင်များလက်ထက်တော် ကအစ နှစ်စဉ်သင်္ကြန်ပွဲတော်များကို ဘုရင်^သမ္မတရော ပြည်သူပါ ကျင်းပခဲ့ သည်မှာ ၂၀၁၉ ထိဖြစ်သည်။

အသန့်ရှင်းဆုံး အတာရေရရှိရေး အတွက် ရှေးမင်းအဆက်ဆက်တို့က အစီအမံများ သတ်မှတ်ချက်များဖြင့် ဆောင်ရွက်ခဲ့ကြသည်။ အမရပူရခေတ် မှတ်တမ်းတစ်ခုတွင် ဘုန်းကျက်သရေ တိုးပွား၍ ကောင်းကျိုးမင်္ဂလာအဖြာဖြာ ရရှိစေ ခြင်းအတွက် မင်္ဂလာ ၂၈ ပါး ပါဝင်သည့် သင်္ကြန်တော်ဆေးဟုခေါ်သော တော်ဝင်ဆေးတော်ကြီးကို ဖော်၍ မဟာသင်္ကြန်တော်ရက်၌ အသုံးပြုခဲ့ကြသည်။

သင်္ကြန် ဆေးတော်ကြီးကို ရေကြည် တော် ၁၂ ပါး နှင့် ရောစပ်၍ အတာရေပက်ဖျန်း မင်္ဂလာယူခဲ့ကြောင်း တွေ့ရသည်။

မင်္ဂလာတော် ၂၈ ပါး သင်္ကြန်တော် ဆေးဆိုသည်မှာ တရော်ခုနစ်မျိုး၊ နံ့သာငါးမျိုး၊ ကြာငါးမျိုးနှင့် ကင်ပွန်း ရွက်၊ ဇလပ်ရွက်၊ မုရားရွက်၊ ဥသျှစ်ရွက်၊ လင်းလေရွက်၊ ပန်းဥ၊ မြေသျှိသျှား၊ ကြခတ်ရွက်၊ ခေါင်ရန်းရွက်၊ ဖန်ခါးရွက်၊ တလည်းရွက်တို့ကို ပေါင်းစပ်၍ ရွှေရည်၊ ငွေရည်၊ န၀ရတ်ကိုးပါးရည်၊ ခရုသင်း ရည်၊ အုန်းရည်၊ နှင်းရည်၊ ပရိတ်တော်ရေ များဖြင့် ကြိတ်ရသည်။ ကြိတ်၍ရရှိသော အနှစ်များကို အတောင့်ပြု၍ နေလှန်း အခြောက်ခံရသည်။

ပြီးလျှင် ပရိတ်ကြီး၊ ရတနာရွှေချိုင့်၊ အောင်ခြင်းရှစ်ပါး ဂါထာများဖြင့် စုပ်ရသည်။ သင်္ကြန်ရက်ရောက်လျှင် ဆေးတော် ကို အုန်းတစ်လုံးရေဖြင့် ဖျော်သည်။ ထိုအရည်ကို တရော်ကင်ပွန်းထည့်၍ ခေါင်းဆေးမင်္ဂလာပြုရသည်။

ထိုဆေးတော်ရည်ကို အတာအိုးတွင် ထည့်၍ ရေကောင်းရေသန့်များနှင့်စပ် ကာ သင်္ကြန်တော်ခေါ်ခြင်း၊ အတာကူး ခြင်းအမှုကို ပြုကြသည်။ ရေပက်ကစားရာ တွင်လည်း အဆိုပါ ဆေးတော်ကြီး ပါဝင်သောရေဖြင့် ပက်ဖျန်းကြသည်။

မည်မျှပင် ရေကြောက်သူများ ဖြစ် ပါစေ။ သင်္ကြန်ရေကို တစ်နှစ်တစ်ကြိမ် အပက်ခံကြသည်။
စေတနာသန့်သန့်ဖြင့် ပက်သည့် ရေဖြစ်၍ သင်္ကြန်ရေသည်၊ အပူရှပ်ခြင်း၊ ဖျားနာခြင်းမရှိ၊ ရွှင်ရွှင်လန်းလန်းနှင့် နှစ်သစ်ကို ဖြတ်သန်းနိုင်ကြသည်က သင်္ကြန်ရေ၏ ထူးခြားချက်တစ်ရပ်ပင် ဖြစ်သည်။

နှစ်ပေါင်းရာချီ ဝှီးချဲကျင်းပလာခဲ့ သော မြန်မာ့သင်္ကြန်မှာ ယခုနှစ် တစ်မျိုး ပြောင်းသွားတော့မည်ဖြစ်သည်။ ယခုနှစ် တွင်မူ သင်္ကြန်ရေ အပက်ခံချင်လျှင်ပင် မလွယ်တော့ပေ။
အစိုးရက ကိုရိုနာရောဂါပိုးဂယက်ကြောင့် သင်္ကြန်ပွဲတော်ကို ပိတ်လိုက်သည်။

၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ အထိ လူစု လူဝေးမလုပ်ရန် တားမြစ်ထားသည်။ ရန်ကုန်မြို့တွင် သင်္ကြန်ကာလအတွင်း လည်ပတ်ရန် မဆိုထားဘိ။ မလိုအပ်ဘဲ အပြင်လုံး၀မထွက်ရန် အစိုးရက တင်း ကျပ်စွာ တားမြစ်ထားသည်။

ယခင်နှစ်သင်္ကြန်များက အိမ်မကပ် ဘဲ သူငယ်ချင်းတွေစုကာ နေရာစုံလျှောက် လည်၊ မလည်လျှင် ရေပက်ကစားခဲ့ရ သဖြင့် သင်္ကြန်မရောက်မီကတည်းက ကြိုတွေးပျော်နေတတ်သော သရက်ချောင်း မြို့နယ် ပိန်းတောရွာနေ အသက် ၂၄ အရွယ် မမေသင်္ကြန်တစ်ယောက် ယခုနှစ် ရေပက်ခွင့်ရရန်ပင် လမ်းမမြင်။

“ဒီနှစ်တော့ အိမ်မှာပဲ ရေကစားမယ် လို့တွေးထားတယ်။ ဒါပေမယ့် အိမ်က တော့ ရေလည်းမကစားခိုင်းဘူး ပြောနေ တယ်။ စိတ်ပူလို့ပေါ့။ ကိုရိုနာဖြစ်နေတာ တောင် ရေကစားချင်သေးလားလို့ ဆူနေတယ်”ဟု မမေသင်္ကြန်က ပြောသည်။

မြိတ်ဒေသခံ သုံးဦးအား ယခုနှစ် သင်္ကြန်ကို မည်သို့ ဆင်နွှဲမည့် အကြောင်း မေးမြန်းရာ အားလုံးမှာ အိမ်တွင်းအောင်း ကြမည် ဟုဆိုကြသည်။

“လမ်းလည်းမလည်တော့ဘူး။ အိမ် မှာပဲသင်္ကြန်ကျတော့မယ်”ဟု မြိတ်မြို့ ကန်ဖျားရပ်မှ အသက် ၃၂ နှစ် အရွယ်ရှိ မဟန်သီက ဆိုသည်။

မြိတ်မြို့ မြို့သစ်ရပ်မှ ဒေါ်မြင့်ရီ ကလည်း သားသမီးများကို သင်္ကြန်ကာလ အပြင်မထွက်ရန် မှာထားသည်။ ပုံမှန် အားဖြင့်တော့ သင်္ကြန်တစ်ရက်ရက်ကို ကားငှားလည်လေ့ရှိသော်လည်း ယခုနှစ် တွင်မူ မဖြစ်နိုင်တော့။

“ဒီနှစ်တော့အိမ်မှာပဲ မုန့်တွေလုပ် စားရင်း သင်္ကြန်ကျတော့မယ်။ သားသမီး တွေကိုလည်း သင်္ကြန်လမ်းမလည်ကြဖို့ ကြိုမှာထားပြီးပြီ။ သင်္ကြန်လေး တစ်နှစ် မကျရတာ ဘာမှမဖြစ်ဘူး။ ကိုယ်ကနှစ် တိုင်းကျလာခဲ့ဖူးတာပဲ။ ကျန်းမာရေး လောက်ဘယ်အရာမှ အရေးမကြီးဘူးလေ”ဟု အသက် ၄၇ နှစ် အရွယ်ရှိ ဒေါ်မြင့်ရီက ဆိုသည်။

မြိတ်တောင်ရပ်မှ အသက် ၂၂ နှစ် အရွယ်ရှိ ကိုဇင်ကိုထွန်းကမူ အိမ်အနီး ဝန်းကျင်တွင် သူငယ်ချင်းများနှင့် စုကာ ဆောင်းဘောက်ဖွင့် က ကြမည်ဟု ပြောသည်။

“နောက်နှစ်မှပဲ ကောင်းကောင်း ပျော်တော့မယ်”ဟု သူက ဆိုသည်။

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာ ကျေးရွာတာဝန်ခံ ဦးဇော်မြင့်အောင်က လည်း လက်ရှိထုတ်ပြန်ထားတဲ့ အမိန့် ညွှန်ကြားချက်များအရဆိုလျှင် ကားဖြင့်၊ လူစုလူဝေးဖြင့် ရေပက်ခံလာပါက ရွာ အတွင်းအဝင်မခံဘဲ တားဆီးကာ ပြန် လွှတ်မည်ဟု ပြောသည်။

ရွာသားများကိုလည်း တတ်နိုင် သမျှ အိမ်တွင်းအောင်းရန် ဆော်ဩမည် ဟု ဦးဇော်မြင့်အောင်က ပြောသည်။

ဓလေ့ထုံးတမ်းအစဉ်အလာအရ အတာရေ အပက်ခံလိုသည့် ရွာသားများ အတွက်မူ ဦးဇော်မြင့်အောင်က အောက်ပါ အတိုင်း မှတ်ချက်ပြုသည်။

“၆ ပေအကွာကနေ ကိုယ့်အချင်းချင်း ပြန်ပက်ကြပေါ့ဗျာ”

တနင်္သာရီသတင်းအဖွဲ့

ကိုးကား

မြန်မာ့သင်္ကြန်ပွဲတော်၏ အနှစ်သာရများ၊ ဒေါက်တာအောင်သန်းဝင်း
(အရှေ့တိုင်းပညာ)