ပြည်တွင်းခရီးမှ ပြန်လာသူများအား စောင့်ကြည့်စခန်းသွင်းရန်မလိုဟု တိုင်းအစိုးရဆို

0
1631

မြန်မာနိုင်ငံအတွင်း အခြားတိုင်း နှင့် ပြည်နယ်များမှ တနင်္သာရီတိုင်းသို့ ပြန်လာသူများအား ၁၄ ရက် စခန်းသွင်း စောင့်ကြည့်ရန် မလိုအပ်သေးကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

လက်ရှိ တိုင်းအစိုးရ၏ ထုတ်ပြန် ချက်များအရ ပြည်ပမှ ပြန်လာသူများကို သာ ၁၄ ရက်ကြာ စခန်းသွင်းစောင့်ကြည့်ရန် (Facility Quarantine) လုပ်ရန် ညွှန်ကြားထားပြီး ပြည်တွင်းမှလာသူများ ကို စခန်းသွင်းရန် ညွှန်ကြားထားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ကိုရိုနာရောဂါပိုးကာကွယ်ရေး အတွက်ဟုဆိုကာ လက်ရှိတွင် ရပ်ရွာ အခြေပြု စခန်းသွင်းစောင့်ကြည့်ခြင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် လုပ်ဆောင်နေကြပြီး ရပ်ကျေးတစ်ခုနှင့် တစ်ခု စံသတ်မှတ်ချက် မတူကြပေ။

အချို့ရပ်ကျေးများတွင် ပြည်ပမှ ပြန်လာသူများကိုသာ စခန်းသွင်းစောင့် ကြည့်ပြီး အချို့ရပ်ကျေးများတွင်မူ အခြား တိုင်းနှင့်ပြည်နယ်မှ ပြန်လာသူများကိုပါ စခန်းသွင်းနေကြသည်။

အထူးသဖြင့် ရောဂါပိုးတွေ့ရှိရသည့် ဒေသမှ ပြန်လာ သည်ဟုဆိုကာ အချို့ကျေးရွာများတွင် ရန်ကုန်မြို့မှ ပြန်လာသူများကို စခန်းသွင်းစောင့်ကြည့်လျက်ရှိသည်။

“လတ်တလောအခြေအနေအရ အစိုးရက ထုတ်ပြန်ချက်မရှိသေးတဲ့ အတွက် လုပ်စရာမလိုသေးဘူး ခင်ဗျာ”ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။

ထိုသို့ လက်ရှိ စခန်းသွင်းစောင့် ကြည့်နေကြသည့် အခြေအနေနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ထံ တင်ပြပြီး ညွှန်ကြားချက်ထုတ်ပြန်နိုင်ရေး အမြန် ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Dawei Watch