စီးပွားရေး အားပေးမြှင့်တင်ရေး

0
614
editorial

လက်ရှိဖြစ်ပွားနေသော ကိုရိုနာရောဂါပိုး ဂယက်သည် ကျန်းမာရေးပြဿနာ သက်သက်မဟုတ်ကြောင်း ထင်ရှင်းနေပြီး ဖြစ်သည်။ ကျန်းမာရေးသက်သက်ကြောင့် ထိခိုက်မှုထက် နိုင်ငံ၏စီးပွားရေးကြီး တစ်ခုလုံးကို ကိုင်လှုပ်နေပြီဖြစ်သည်။

အခြားနိုင်ငံမှ အစိုးရများသည် ယိုင်နဲ့လာသော၊ အချို့နိုင်ငံများတွင် ကျဆင်း လာသော စီးပွားရေးကို ကုစားရန်၊ ပြန်လည် နာလန်ထလာစေရန် နည်းအမျိုးမျိုးဖြင့် စီမံနေကြသည်။

ယင်းတို့ အနက် ထင်ရှားသော နည်းလမ်းတစ်မျိုးမှာ Stimulus Package ဟု ခေါ်သော စီးပွားရေး အားပေးမြှင့်တင်ရေး အစီအစဉ်ဖြစ်သည်။ ယင်းအစီအစဉ်၏ သဘောတရားမှာ တုံ့ဆိုင်းကျဆင်းနေသော လုပ်ငန်းများ ပြန်လည် နိုးထလာစေရန် ဈေးကွက်အတွင်း အစိုးရက ငွေထည့်ကာ လှုံ့ဆော်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရက ယင်းအစီအစဉ်အရ ငွေကျပ်ဘီလီယံ ၁၀၀ ကို လုပ်ငန်း များအား ထုတ်ချေးကာ စီးပွားရေး အားပေးမြှင့်တင်ရေးအစီအစဉ် စတင်လျက်ရှိ သည်။

သီအိုရီအားဖြင့် ယင်းအစီအစဉ်များကို ကမ္ဘာစီးပွားရေး ကျကပ်များတွင် အသုံးပြုခဲ့ပြီး ဖြစ်သည်။

သို့သော် ယင်းအစီအစဉ်များသည် အမှန်တကယ် လိုအပ် သော လူအများ၊ လုပ်ငန်းများကို အကျိုးရှိသည်ထက် သတင်းအချက်အလက် လက်လှမ်းမီသော၊ အစိုးရ၏ လုပ်ထုံးလုပ်နည်းများကို တတ်ကျွမ်းပိုင်နိုင်သူများသာ ပိုအကျိုးရှိသွားကြောင်း သာဓကများရှိသည်။ ၂၀၀၈ ကမ္ဘာစီးပွားရေး ကျကပ်အတွင်း အမေရိကန် အစိုးရ၏ စီးပွားရေး အားသစ်လောင်း အစီအစဉ်တွင် အမေရိကန်ရှိ အောက်ခြေ လူတန်းစားများ အကျိုး ရှိသင့်သလောက် မရှိခဲ့ဘဲ ထိပ်သီးသူဌေးများ၊ လူ့မလိုင်များသာ အဓိက အကျိုးရှိခဲ့ကြောင်း ဝေဖန်ထောက်ပြခဲ့ပြီးဖြစ်သည်။

ထိုကြောင့် အစိုးရက ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံငွေများ ထည့်သွင်းရာတွင် အမှန်တကယ်နစ်နာသော လုပ်ငန်းများ၊ လုပ်သားအင်အားစုများ အကျိုးခံစားခွင့် ရရေး အရေးကြီးပါကြောင်း မီးမောင်းထိုးဖော်ပြလိုပါသည်။

အယ်ဒီတာ (ဧပြီ ၄၊ ၂၀၂၀)